ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတယောက် ဇန်နဝါရီ ၉ ရက်ညက CDF-CDM-Siyin ထံကို လက်နက်နဲ့အတူ CDM ပြုလုပ်လာခဲ့တယ်လို့ CDF-CDM-Siyin ထံက သိရပါတယ်။
တီးတိန်မြို့အခြေစိုက် ရတဖ ၂၆ တပ်ရင်းက ရဲတပ်သား ခိုင်ထူးဉာဏ် (ကိုယ်ပိုင်နံပါတ်/ လ - ၂၉၂၀၄၉) ဟာ လက်နက်တလက်၊ ခဲယမ်းတချို့နဲ့အတူ CDM ပြုလုပ်လာခဲ့တာလို့ ဆိုပါတယ်။
လက်နက်နဲ့အတူ CDM ပြုလုပ်လာတဲ့ ရဲတပ်သားကို CDF-CDM-Siyin တပ်ဖွဲ့က ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ ချီးမြှင့်သွားမှာဖြစ်ပြီး သွားချင်တဲ့နေရာနဲ့ လုပ်လိုတဲ့ အလုပ်အကိုင်ကို စီမံဆောင်ရွက်ပေးမယ်လို့ CDF-CDM-Siyin က ပြောထားပါတယ်။
ဆက်လက်ပြီး စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ စစ်ကောင်စီတပ်သားတွေ၊ ရဲတပ်သားတွေ၊ ပျူစောထီးအဖွဲ့ဝင်တွေ အနေနဲ့ CDF-CDM-SIYIN ထံကို ဆက်သွယ်ပြီး CDM ပြုလုပ်လို့ရတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း တီးတိန်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ရဲတပ်သားတယောက်ဟာ CDF-CDM-Siyin ထံ လက်နက်နဲ့အတူ CDM ပြုလုပ်လာခဲ့ပါသေးတယ်။
ဒီဇင်ဘာတလအတွင်းမှာ နိုင်ငံတဝန်း ဒုရဲအုပ်တယောက် အပါအဝင် စစ်ကောင်စီတပ်သားနဲ့ ရဲတပ်သား ၂၈ ယောက် ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။