မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်နဲ့ ရဲတပ်သားတယောက်တို့ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်တယ်လို့ အမှတ် ၁ စစ်ဒေသက ဇန်နဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဆောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ရဲတယောက်က အရင်အလင်းဝင်တာပါ။ ၄ ရက်လောက်ခြားပြီးမှ စစ်သား ၅ ယောက် အလင်းဝင်လာကြတာ ဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားဟာ ဇန်နဝါရီ ၂ ရက်မှာ ဆောမြို့မရဲစခန်းကနေ ထွက်ပြေးလာပြီး ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဆီကို အလင်းဝင်ရောက်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကတော့ ဇန်နဝါရီ ၆ ရက်မှာ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်ခွာလာစဥ် ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ နဲ့ တပ်ရင်း ၅ တွေဆီကို ချိတ်ဆက်ပြီး အလင်းဝင်ရောက်လာကြတာလို့ ဆိုပါတယ်။
ဆောမြို့နယ် ပကဖ တာဝန်ခံ ကိုနိုဘယ်က “သူတို့တွေ ၆ ယောက်လုံး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြတာပါ။ သူတို့နဲ့အတူပါလာတဲ့ လက်နက်ခဲယမ်းတွေကတော့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဆုကြေးငွေတွေ ချီးမြှင့်ဖို့ကိုလည်း MOD နဲ့ ချိတ်ဆက်ပြီး စီစဥ်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။
ရဲတပ်သားဟာ G3 သေနတ် ၁ လက်၊ 7.62 ကျည်အတောင့် ၅၀၊ ကျည်အိမ် ၂ ခုတို့နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကတော့ MA1 သေနတ် ၁ လက်၊ MA3 သေနတ် ၁ လက်၊ MA ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်အိမ် ၉ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာကြတာလို့ အမှတ် ၁ စစ်ဒေသရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၄ ရက်နေ့တွေကလည်း ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကနေလည်း လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိသလို တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးကာ ဒဏ်ရာသူတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့သေးတယ်လို့လည်း အဆိုပါ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
မကွေးတိုင်းအတွင်းက ဆောမြို့နယ်ဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ၁၈ မိုင်နီးပါးသာဝေးကွာပြီး တော်လှန်ရေးတပ်ဖွဲ့ အားကောင်းတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကျောက်ထု-ဆော-လောင်းရှည် လမ်းပိုင်းတွေကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက စိုးမိုးထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။