ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့မရပ်ကွက်မှာ ဇန်နဝါရီ ၅ ရက် နေ့ခင်းပိုင်းက ကလေးငယ် ၃ ယောက်ဟာ စစ်ကျန်ဗုံးသီးဆော့ကစားရာကနေ ပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သူတို့ ၃ ယောက်လုံးဟာ ယောကျ်ားလေးတွေဖြစ်ကြပြီး အသက် ၇ နှစ်ကနေ ၉ နှစ်အရွယ်ကြား ရှိကြကာ ၃ ယောက်စလုံး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။
တီးတိန်မြို့ခံ အမျိုးသားတယောက်က “မြို့မရပ်ကွက် မြို့နယ်ထွေအုပ်ရုံးနဲ့ နာရီစင်အနီးက ဘဏ်ကြားမှာ သူတို့ဖြစ်သွားတာ။ ယောကျ်ားလေး ၃ ယောက်ပါ။ သူတို့ဘာမှမသိဘူးလေ။ ကလေးဆိုတော့ ကျောက်ခဲ (ဗုံးသီးကို) နဲ့ ထုတာပေါ့။ သူတို့ဒီခြေမျက်စိအပေါ်ဘက်မှာ နည်းနည်းပဲ့တာတွေ ရှိတယ်၊ အရိုးတွေထိမြင်ရတယ်။ ကြီးကြီးမားမားတော့ ခြေထောက်မှာပဲ ဖြစ်ကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ကလေးငယ် ၃ ယောက်လုံးဟာ တီးတိန်မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပြီး အသက်အန္တရယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။
အဆိုပါဗုံးသီးဟာ ၂၀၂၄ ခုနှစ် မေလက တီးတိန်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေချိန် မြို့အတွင်းမှာ ကျန်ရှိခဲ့တဲ့ စစ်ကျန်ဗုံးသီးဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။
လတ်တလောမှာလည်း တီးတိန်မြို့ပေါ်မှာ တိုက်ပွဲထပ်မံဖြစ်ပွားမှာကို စိုးရိမ်ပြီး ဒေသခံတွေ ရွှေ့ပြောင်းနေကြတာရှိတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် ဇွန် ၁၉ ရက်ကလည်း မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ဘေးရှောင်နေကြတဲ့ ကလေးငယ် ၂ ယောက်ဟာ ၄၀ မမ အမျိုးအစား စစ်ကျန်ဗုံးသီးကို ဆော့ကစားရာက ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ပါသေးတယ်။