ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ ဘိန်းခင်းဧက ၂၀ ကျော်ကို ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ PPFZ နဲ့ PDF Zoland တို့က ဖျက်ဆီးခဲ့တယ်လို့ PDF Zoland တာဝန်ရှိသူဆီက သိရပါတယ်။
တီးတိန်မြို့နယ် အနီးဝန်းကျင်ကျေးရွာတွေက ဘိန်းခင်းဧက ၂၀ ကျော်ကို အောက်တိုဘာ ၂၂ ရက်နဲ့ ၂၃ ရက် ၂ ရက်ဆက်တိုက် ဖျက်ဆီးခဲ့တာပါ။
ဘိန်းခင်းပိုင်ရှင်တွေဆီ ဘိန်းပင်တွေဆက် မစိုက်ဖို့ သတိပေးစာတွေ ပေးပို့ခဲ့ပေမဲ့ လိုက်နာမှုမရှိဘဲ ပိုစိုက်လာတဲ့အတွက် ဖျက်ဆီးရှင်းလင်းရတာဖြစ်တယ်လို့ သိရပါတယ်။
ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူက “အာဏာသိမ်းပြီးနောက် စိုက်ပျိုးမှု သိသိတာတာ တိုးမြင့်လာတယ်၊ စီးပွားရေးသမားတချို့နဲ့ ပါဝင်ပတ်သက်နေတယ်လို့သိရတယ်။ သူတို့ဘယ်ဘက်ကိုရောင်းလဲတော့ မသိဘူး၊ သတိပေးတာတွေကို စိုက်ပျိုးသူပိုင်ရှင်ဘက်က တုံ့ပြန်မှုမရှိ၊ အရင်အာဏာမသိမ်းခင်တုန်းက ဘိန်းစိုက်ပျိုးမှုမရှိခဲ့ဘူး”လို့ ပြောပါတယ်။
ဇိုလဲန်းပြည်သူ့ရဲတပ်ဖွဲ့ အနေနဲ့ ကြားကာလမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တိုင်ကြားမှုမှန်သမျှ အုပ်ချုပ်ရေး၊ တရားစီစဉ်ရေးတို့နဲ့ ပူးပေါင်းပြီး နှိမ်နင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။