ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ပြည်သူတွေဟာ မြို့သိမ်းတိုက်ပွဲဖြစ်တော့မှာကို စိုးရိမ်ပြီး ပစ္စည်းတွေ ပြောင်းရွှေ့နေကြတယ်လို့ တီးတိန်မြို့ခံတွေက ပြောပါတယ်။
တီးတိန်မြို့ပေါ်ရပ်ကွက်က ပြည်သူတွေဟာ ခရစ္စမတ်နေ့နောက်ပိုင်းကစပြီး သူတို့ရဲ့အရေးကြီးတဲ့ ပစ္စည်းတွေကို ကျေးရွာတွေ၊ ကလေးမြို့ဘက်နဲ့ နယ်စပ်ဒေသတွေဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။
တီးတိန်မြို့ခံတယောက်က “ပစ္စည်းတွေက အဓိကရွှေ့နေကြတာပေါ့ဗျာ။ ကျေးရွာတွေဘက်ရော၊ နယ်စပ်ဘယ်ရော၊ ကလေးမြို့ဘက်ရော နေရာအစုံကို ရွှေ့နေကြတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၂ ရက်မှာ မင်းတပ်မြို့နဲ့ ဒီဇင်ဘာ ၂၃ ရက်မှာ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း တီးတိန်မြို့ဘက်မှာ တိုက်ပွဲတွေ ကူးစက်လာမှာကို စိုးရိမ်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “လူတွေကတော့ အခုထိရှောင်တာတော့ မရှိသေးဘူး၊ ပြည်သူတွေကတော့ ကြိုတင်ပြင်ဆင်ပြီးတော့ သူတို့ရဲ့ ပစ္စည်းတွေကို ရွှေ့နေကြတာပါ။ ကျနော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ဘာမှထုတ်ပြန်ထားတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
၂၀၂၄ ခု မေလအတွင်းမှာ PDF-Zoland ဦးဆောင်တဲ့ ချင်းညီနောင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တီးတိန်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားပြီး လူဦးရေ ၁၀,၀၀၀ လောက် ကျေးရွာတွေဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်နေရပါတယ်။