မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ထဲက တိုက်ပွဲတွေကြောင့် ဒီဇင်ဘာ ၄ ရက်နေ့ ကစလို့ ပြည်သူအများစုဟာ တိုက်ပွဲနဲ့ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြပြီး ထက်ဝက်ကျော်လောက် မြို့ထဲကနေထွက်ခွာခဲ့ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
ဗန်းမော်မြို့တွင်းမှာလည်း သွားလာရခက်တဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအပါအဝင် ပြည်သူအများအပြားကျန်နေတုန်းပဲလို့ ဗန်းမော်မြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ပြည်သူတွေ ဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့မှာတော့ ဗန်မော်မြို့တွင်းက ရဲစခန်း၊ စုပေါင်းရုံး၊ ၃ မိုင် လေယာဉ်ကွင်းပတ်ဝန်းကျင်၊ စကခ ၂၁ တပ်စခန်းတို့မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။
စစ်ကောင်စီဘက်ကလည်း တိုက်ပွဲဖြစ်ရာနေရာဝန်းကျင်ကို လေကြောင်းကနေတိုက်ခိုက်နေသလို တိုက်ပွဲကြောင့် ပြည်သူတွေရဲ့နေအိမ်အများအပြားလည်း မီးလောင်ကျွမ်းနေတယ်လို့ သိရပါတယ်။