Home
မြန်မာသတင်း
Mytel ကို အမေရိကန် ပိတ်ဆို့ဒဏ်ခတ်မှု ကြိုဆို၊  ဗြိတိန်နှင့် အီးယူကို အလားတူလုပ်ဆောင်ရန်  တိုက်တွန်း
DVB
·
January 10, 2025
Photo-Cincds

မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုအကျိုးစီးပွားအတွက် လုပ်ကိုင်နေတဲ့  Mytel ကုမ္ပဏီကို အမေရိကန်က အရေးယူ ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK က ကြိုဆိုလိုက်ပါတယ်။

ဒါ့အပြင် ဗြိတိန်နဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့အနေနဲ့လည်း အမေရိကန်နည်းတူ Mytel ကုမ္ပဏီကို အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က စတင် အသက်ဝင်ခဲ့တဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုစာရင်းမှာ မြန်မာနိုင်ငံက Mytel မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီအပါအဝင် တရုတ်ကုမ္ပဏီ ၁၁ ခုနဲ့ ပါကစ္စတန်ကုမ္ပဏီ ၁ ခု စုစုပေါင်း ကုမ္ပဏီ ၁၃ ခုပါဝင်ပြီး ဒီကုမ္ပဏီလုပ်ငန်းတွေဟာ အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ဆန့်ကျင်နေတဲ့အတွက် အခုလို အရေးယူခဲ့တာလို့ အမေရိကန်အစိုးရက ဖော်ပြပါတယ်။

အထူးသဖြင့် Mytel ကုမ္ပဏီဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့အပြင် လူတဦးတယောက်ချင်းစီနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားပြီး စုံစမ်းထောက်လှမ်းမှုတွေ လုပ်ဆောင်နိုင်တဲ့ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတဲ့အတွက် အရေးယူပိတ်ဆို့ခဲ့တာလို့ ဆိုပါတယ်။

Burma Campaign UK ဒါရိုက်တာ မားခ်ဖာမန်နာက “ဗြိတိန်အစိုးရနဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ အခုချိန်မှာ အမေရိကန်ရဲ့ လုပ်ရပ်အတိုင်း Mytel ကို အရေးယူပိတ်ဆို့သွားရမှာပါ။ Mytel ဟာ စစ်ကောင်စီရဲ့ အရေးကြီးဆုံးနဲ့ အကျိုးအမြတ်အများဆုံး စီးပွားရေးလုပ်ငန်းတွေထဲက တခုဖြစ်တဲ့အတွက် ဒီထက်ပိုပြီး အချိန်မနှောင်းခင်မှာ အရေးယူမှုတွေ လုပ်ဆောင်သွားသင့်တယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဗြိတိန်အစိုးရဟာ စစ်ကောင်စီအတွက် ဝင်ငွေနဲ့ လက်နက်ရိက္ခာလမ်းကြောင်း အရင်းအမြစ်တွေကို ပစ်မှတ်ထားပြီး ကနဦးမှာ အရေးယူပိတ်ဆို့ကန့်သတ်မှုတွေ ဦးဆောင်ချမှတ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်းမှာတော့ အရေးယူ ပိတ်ဆို့မှုအသစ်တွေ ချမှတ်မှုဟာ သိသိသာသာ လျော့ကျလာခဲ့ကာ ပြီးခဲ့တဲ့နှစ်မှာလည်း အရေးယူပိတ်ဆို့မှု ၂ ခုသာ ရှိခဲ့ပါတယ်။

မြန်မာစစ်တပ်နဲ့  ဗီယက်နမ် ဆက်သွယ်ရေးကုမ္ပဏီ Viettel တို့ကြား အကျိုးတူ ဖက်စပ် ပူးတွဲ တည်ထောင်ထားတဲ့ Telecom International Myanmar ကုမ္ပဏီလီမီတက်ရဲ့ လုပ်ငန်းသုံး အမှတ်တံဆိပ်ဖြစ်တဲ့ Mytel ဟာ စစ်တပ်ပိုင် ကုမ္ပဏီလုပ်ငန်းကြီးတွေထဲက တခုဖြစ်ပြီး ကုမ္ပဏီရှယ်ယာ ထက်ဝက်နီးပါးကို စစ်တပ်က ပိုင်ဆိုင်ထားပါတယ်။

Mytel ကုမ္ပဏီ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့ပြီး လက်ရှိအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။ စစ်တပ်ဟာ Mytel ကုမ္ပဏီကနေ ဘဏ္ဍာငွေအမြတ်အစွန်းတွေအပြင် ဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ တခြား အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးအတွက်လည်း မြေယာ ငှားရမ်းခတွေပါ ရရှိနေတာပါ။ ဒါ့အပြင် စစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာ Mytel ကုမ္ပဏီကနေ အကျိုးခံစားခွင့်တွေ တရားမဝင် ရရှိနေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကိုလည်း Mytel ဆင်မ်းကတ် ထောင်ပေါင်းများစွာ အခမဲ့ ထောက်ပံ့ ပေးထားပါတယ်။

စစ်တပ်နဲ့ အကျိုးတူလုပ်ကိုင်နေတဲ့ Viettel ကုမ္ပဏီဆိုတာကလည်း ဗီယက်နမ်စစ်တပ်က ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပါတယ်။ Burma Campaign UK အဖွဲ့ကတော့ Viettel ကုမ္ပဏီကို စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအတွက် ငွေကြေးထောက်ပံ့ပေးနေတဲ့ ကြံရာပါစာရင်း Dirty List မှာ ထည့်သွင်းထားပါ တယ်။

အလားတူ မြန်မာစစ်တပ်ရဲ့ ထောက်တိုင်စီးပွားရေး လုပ်ငန်းတွေကို ဖော်ထုတ် အရေးယူနိုင်ရေး ကြိုးပမ်းနေတဲ့ Justice for Myanmar အဖွဲ့ကလည်း Mytel နဲ့ပတ်သက်တဲ့ အသေးစိတ် အစီရင်ခံစာတစောင်ကို ထုတ်ပြန်ထားပြီး ကုမ္ပဏီအတွင်း အကျင့်ပျက် ခြစားမှုနဲ့ ဆွေမျိုးကောင်းစားရေးဝါဒတွေကို သူ့ရဲ့ဝက်ဘ်ဆိုက်မှာ ထုတ်ဖော် တင်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013