ဂရင်းလန်းကျွန်း ဒေသခံတွေသာ လိုလားမယ်ဆိုရင် လွတ်လပ်ရေး ယူကောင်းယူနိုင်မှာဖြစ်ပေမဲ့ အမေရိကန်ပြည်နယ်ကတော့ ဖြစ်လာနိုင်ခြေမရှိဘူးလို့ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ခဲ့ပါတယ်။
အာတိတ်ဒေသက ကမ္ဘာ့အကြီးဆုံးကျွန်းကြီးကို ထိန်းချုပ်ဖို့ အင်အားသုံးမလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က မငြင်းခဲ့တဲ့နောက်မှာ ဒိန်းမတ်ဘက်က အခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဂရင်းလန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝန်ကြီးချုပ်ဟာ ဇန်နဝါရီ ၈ ရက်မှာ ဒိန်းမတ်ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒါဟာ သယံဇာတ ပေါကြွယ်ဝပြီး မဟာဗျူဟာ အချက်အချာကျတဲ့ ဒီကျွန်းကို အမေရိကန်ထဲ သွတ်သွင်းဖို့ ထရမ့်ပ်က ထပ်ပြောခဲ့အပြီး တရက်အကြာမှာ တွေ့ဆုံမှုဖြစ်ပါတယ်။
ထရမ့်ပ်က အဲဒီလို ထပ်ပြောတဲ့အချိန် သားဖြစ်သူ ဒေါ်နယ်ထရမ့်ပ် ဂျူနီယာကလည်း ဂရင်းလန်းကို လာရောက်လည်ပတ်ခဲ့ပါတယ်။
ဥရောပကနေ မြောက်အမေရိကကို လာဖို့ အတိုဆုံးလမ်းကြောင်းဟာ အာတိတ်သမုဒ္ဒရာထဲက ဒီကျွန်းကို ဖြတ်ရတာဖြစ်တဲ့အတွက် အမေရိကန်စစ်တပ်နဲ့ ပဲ့ထိန်းဒုံးကျည် ကနဦးသတိပေးစနစ် ထားရှိမှုအတွက် ဂရင်းလန်းဟာ အထူးအရေးပါပါတယ်။
ဒိန်းမတ်နိုင်ငံဟာ NATO အဖွဲ့ဝင်ဖြစ်တဲ့အတွက် ဂရင်းလန်းဟာလည်း NATO ထဲ ပါဝင်နေပါတယ်။
လူဦးရေ ၅၇,၀၀၀ ပဲရှိတဲ့ ကမ္ဘာ့အကြီးဆုံးကျွန်းဟာ ဒိန်းမတ်နိုင်ငံထဲ ပါဝင်နေတာ အနှစ် ၆၀၀ ကျော်ရှိပြီ ဖြစ်ပေမဲ့ လက်ရှိမှာ ပြည်တွင်းရေးကို ကိုယ်တိုင်စီမံနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်နေပါတယ်။
ဒါပေမဲ့ ကျွန်းဝန်ကြီးချုပ်က လွတ်လပ်ရေးယူဖို့အထိ မျှော်မှန်းထားတယ်လို့ ပြောထားပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ် လိုကီ ရာ့စ်မူဆန်က ဂရင်းလန်းမှာ သူ့ကိုယ်ပိုင်ရည်မှန်းချက် ရှိတာကို အပြည့်အဝ အသိအမှတ်ပြုကြောင်း၊ တကယ် အကောင်အထည်ပေါ်လာရင် ဂရင်းလန်းဟာ လွတ်လပ်ရေး ရကောင်းရလာနိုင်ကြောင်း၊ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ထောင်စုဝင်ပြည်နယ် ဖြစ်ဖို့ကတော့ ခက်ခဲကြောင်း မှတ်ချက်ချခဲ့ပါတယ်။
အာတိတ်ဒေသမှာ ရုရှားနဲ့ တရုတ် လှုပ်ရှားမှုများလာချိန်မှာ အမေရိကန်ရဲ့ လုံခြုံရေးပူပန်မှုကို နားလည်တယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
အမေရိကန်ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဘယ်လို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ရမလဲ ဆိုတာကို အမေရိကန်တွေနဲ့ ဆွေးနွေးဖို့လည်း တံခါးဖွင့်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။
Source : Reuters