Home
မြန်မာသတင်း
ကရင်နီ လူငယ်အကယ်ဒမီကောလိပ်က ကျောင်းသား ၇၀ ခန့် ဒီပလိုမာ ရရှိ 
DVB
·
January 9, 2025
Photo-Youth Academy College - Karenni - YAC facebook

ကရင်နီပြည်နယ်မှာဖွင့်ထားတဲ့ လူငယ်အကယ်ဒမီကောလိပ်ကနေ  ကျောင်းသူ ကျောင်းသား လူငယ် ၆၉ ယောက်က ဇန်နဝါရီ ၇ ရက်မှာ ကျောင်းပြီးသွားပြီ  ဒီပလိုမာ ရရှိခဲ့ပါတယ်။

လူငယ်အကယ်ဒမီကောလိပ် (YAC) ကို ကရင်နီပြည်နယ်တနေရာမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ ကျောင်းသား ၆၉ ယောက်ကို ကျောင်းအိပ်ကျောင်းစားထားကာ ပညာသင်ကြားပေးခဲ့တာဖြစ်ပါတယ်။

လူငယ်မျိုးဆက်သစ်တွေဟာ  ၂ နှစ်တာကာလအတွင်း ဘာသာရပ် ၁၂ ခုကို သင်ကြားရပြီး ဒုတိယနှစ်ထဲမှာ နှစ်သက်ရာအလိုက် ပရောဂျက်တွေ ရွေးချယ်ရင်း လက်တွေ့ လုပ်ဆောင်တာတွေအပြင် ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမတွေနဲ့ ဆက်လက်သင်ယူရတာတွေ လုပ်ရတယ်လို့ သိရပါတယ်။

သင်တန်းပြီးမြောက် အောင်မြင်သူတွေက ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုဆောင်ရွက်တာတွေ ပြုလုပ်မယ့်သူတွေ ဖြစ်တယ်လို့ YAC ကောလိပ်တည်ထောင်သူက ခူးပရေးရယ်ပေါဒူ က ပြောပါတယ်။

“ပညာရပ်ဆိုင်ရာနဲ့ သက်ဆိုင်ရာ ကျွမ်းကျင်မှုကိုပေးပြီးတော့ သူတို့ရပ်ရွာနဲ့ ပြည်နယ်အတွက် အကျိုးပြုနိုင်တဲ့ ပါဝင်နိုင်ဖို့အတွက်ကို လေ့ကျင့်ပေးတဲ့ နေရာလို့ပြောလို့ရတယ်ပေါ့နော်။ တချို့ ကျောင်းသားတွေလည်း အဆင့်မြင့်ပညာရေးတွေဆက်ပြီးတော့သွားကျမယ့်သူတွေလည်းရှိတယ်။ စကောလားရှစ် ပရိုဂရမ်တွေပေါ့။ ပြီးတော့ ဒီပြည်နယ်ထဲမှာ ပညာရေးဘက်အပိုင်းမှာကော တခြား အပိုင်းအသီးသီးမှာကော ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းစဉ်တွေနဲ့ ကူညီအကျိုးပြုဖို့ရှိပါမယ်။”

စစ်ရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ လေ့လာသင်ယူမှုအတွက် အခက်အခဲတွေကို ကျော်ဖြတ်ပြီး အဆင်မပြေမှုတွေကြားကနေ ပြည်တွင်းပြည်ပက အလှူရှင်တွေ၊ NGO အဖွဲ့အစည်းတွေ၊ တသီးပုဂ္ဂလကူညီပေးသူတွေ၊ အကြံဉာဏ်ပေးသူတွေ၊ ကျေးရွာတာဝန်ရှိသူတွေနဲ့ ဆရာ/ မ ၊ ကျောင်းသူ/ သားတွေ ပူးပေါင်းပြီးကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။  

YAC ကျောင်းသူတယောက်က “အရင်ကထက် အများကြီး တိုးတက်ပြောင်းလဲလာတယ်လို့ မြင်မိတယ်။ လူသူရှေ့ မထွက်ရဲဘူး၊ စကားပြောဖို့ဆိုလည်း မရဲဘူး။ စကားပြောရတာလည်း မကြိုက်ဘူး။ ဒီနောက်ပိုင်းမှာဆိုရင် ကိုယ်ကိုယ်ကိုယ်လည်း ယုံကြည်မှုပိုရှိလာတယ်။ ခုလောလောဆယ်က နယ်စပ်မှာဖွင့်ထားတဲ့ကျောင်းကို အွန်လိုင်းကနေ တက်ထားပါတယ်။ စကောလားရှစ်ရတဲ့အတွက်ပါ။ ပြီးတော့ ကရင်နီပညာရေးဘက်မှာ ကူထားတာရှိတယ်၊ လောလောဆယ် အလယ်တန်းကျောင်းမှာ  စေတနာ့ဝန်ထမ်းလုပ်နေပါတယ်”လို့ ပြောပါတယ်။

အခု လူငယ်အကယ်ဒမီကောလိပ်ကနေ ကျောင်းသား အယောက် ၆၀ က Diploma in Social Science and Sustainable ကို ရရှိခဲ့ပြီး ၉ ယောက်က Diploma in Community Development နဲ့ Leadership Program ဘွဲ့ကို ရရှိခဲ့ ပါတယ်။ 

လာမယ့်နွေရာသီမှာ YAC ကောလိပ်ကနေ ကျောင်းသားသစ်တွေခေါ်ယူဖို့ပြင်ဆင်နေကာ ကျောင်းမဖွင့်ခင် လိုအပ်တဲ့ ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013