Home
ရုပ်သံ
မြန်မာမှ နျူကလီးယားပစ္စည်းများကို လက်နက်ဝယ်ယူပေးရန် မှောင်ခိုကူးခဲ့ဟု ဂျပန် ယာကူဇာ ဝန်ခံထွက်ဆို
DVB
·
January 9, 2025
Photo-US Magistrate Judge/SDNY/Reuters

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ကိုယ်စား လက်နက်ဝယ်ယူဖို့အတွက် မူးယစ်ဆေးဝါးနဲ့ နျူကလီးယားဆက်စပ်ပစ္စည်းတွေကို အမေရိကန်မှာ ရောင်းချဖို့ ကြံစည်ခဲ့တဲ့ အကြောင်း ဂျပန်ယာကူဇာဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တဦးက အမေရိကန်တရားရုံးမှာ ဇန်နဝါရီ ၈ ရက်က ဝန်ခံထွက်ဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

ယာကူဇာခေါင်းဆောင် တာကဲရှီ အီဘီဆာဝါဟာ မြန်မာနိုင်ငံက ထွက်ရှိတဲ့ မူးယစ်ဆေးဝါးနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဓာတ်သတ္တုပစ္စည်းတွေကို  မြန်မာနိုင်ငံပြင်ပမှာ မှောင်ခိုကူး ရောင်းချပြီး မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ကိုယ်စား စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ လျှို့ဝှက် ကြံစည်ခဲ့တဲ့အတွက် အမေရိကန် အစိုးရရှေ့နေအဖွဲ့က သူ့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားစွဲဆိုထားခဲ့တာပါ။

အမေရိကန် ယာယီရှေ့နေချုပ် အက်ဝက်ဒ် ကင်မ်က “ဘိန်းဖြူနဲ့ မက်သာဖက်တမင်း အရေအတွက် အမြောက်အမြားနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယူရေနီယမ်နဲ့ ပလူတိုနီယမ်ဒြပ်စင် ပစ္စည်းတွေေ မှောင်ခိုကူးခဲ့တယ်ဆိုတာကို အီဘီဆာဝါက ဖက်ဒရယ်တရားရုံးမှာ မနေ့က ဝန်ခံထွက်ဆိုခဲ့တယ်” လို့ ‌ ပြောပါတယ်။

စစ်လက်နက်ပစ္စည်း တရားမဝင် ရောင်းဝယ်ရေး သဘောတူညီချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အသုံးပြုဖို့အတွက် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေလို အဖျက်စွမ်းအားမြင့်တဲ့ လက်နက်ကြီးတွေ ပါဝင်တယ်လို့ သိရပါတယ်။

တာကဲရှီ အီဘီဆာဝါနဲ့ ပူးတွဲတရားခံ ဆွမ်ဟော့ပ်ဆင်ဂါဆီရီ တို့ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလတုန်းကလည်း မူးယစ်ဆေးဝါး မှောင်ခိုကူးမှုနဲ့ လက်နက်ကုန်သွယ်မှု စွဲချက်တွေနဲ့ တရားစွဲဆိုခံထားရသူတွေ ဖြစ်ပါတယ်။

အီဘီဆာဝါက သူဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး နျူကလီးယားပစ္စည်း အရေအတွက် အမြောက်အမြားကို လက်ခံရရှိ ခဲ့တဲ့အကြောင်း သူ့လူကိုယ့်ဖက်သားအနေနဲ့ အသွင်ယူထားတဲ့ အရာရှိတယောက်ကို ဓာတ်ပုံတွေနဲ့အတူ ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒီဒုစရိုက်မှုကွင်းဆက်ကို ဖော်ထုတ် အရေးယူနိုင်ဖို့အတွက် အေဂျင့်တွေနဲ့ အသွင်ယူစစ်ဆင်ရေး ဆောင်ရွက်ရာမှာ ထိုင်းအာဏာပိုင်တွေကလည်း yellowcake လို့ခေါ်တဲ့ အဝါရောင်ဒြပ်စင် အမှုန့် ၂ မျိုးကို သိမ်းဆည်းရရှိခဲ့တဲ့အကြောင်း အမေရိကန် စုံစမ်းစစ်ဆေးသူတွေကို သတင်းပေးပို့ အကြောင်းကြား ခဲ့ပါတယ်။

အဲဒီအမှုန့်တွေကို အမေရိကန် ဓါတ်ခွဲခန်းမှာ စစ်ဆေးရာမှာတော့ နျူကလီးယားလက်နက် ထုတ်လုပ်ရာမှာတွေ့ရတဲ့ ပလူတိုနီယမ်ဒြပ်စင်ပစ္စည်းတွေ ပါဝင်နေတာကို တွေ့ရှိခဲ့ပြီး လုံလောက်တဲ့ပမာဏအထိ  ဒီလိုပစ္စည်းတွေ ထုတ်လုပ်နိုင်မယ်ဆိုရင် နျူကလီးယား လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုသွားနိုင်ဖွယ် ရှိတယ်လို့  အမေရိကန် တရားရေးဌာနက ထုတ်ပြန်ထားပါတယ်။

အီဘီဆာဝါနဲ့အတူ ကြံရာပါဖြစ်သူ တယောက်ကလည်း သူတို့အနေနဲ့ ရေဒီယိုသတ္တိကြွ ဒြပ်စစ်တမျိုးဖြစ်တဲ့ Thorium-232 အမှုန့် ၂,၀၀၀ ကီလိုဂရမ်ကျော်နဲ့ yellowcake လို့ လူသိများတဲ့ U3O8 ယူရေနီယမ်ဒြပ်ပေါင်းအမှုန့် ၁၀၀ ကီလိုဂရမ်ကျော်ကို မှောင်ခိုကူးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

အသက် ၆၀ အရွယ် အီဘီဆာဝါဟာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကူးမှု ရာဇဝတ်မှုတွေအပါအဝင် ကမ္ဘာတဝန်း နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ယာကူဇာ ဒုစရိုက်ဂိုဏ်းရဲ့ ခေါင်းဆောင်တယောက် အနေနဲ့ သတ်မှတ်ခံထားရပြီး သူဟာ အခုတရားစွဲဆိုထားတဲ့ နျူကလီယားဆက်စပ်ပစ္စည်း မှောင်ခိုကူးမှုစွဲချက်အတွက် ထောင်ဒဏ် နှစ် ၂၀ နဲ့အထက် ကျခံသွားရနိုင်တယ်လို့ အမေရိကန်အစိုးရရှေ့နေအဖွဲ့က ပြောထားပါတယ်။

Source: AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013