ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်စံပြကျေးရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင်း အရပ်သား ၄၀ လောက် သေဆုံးပြီးတော့ နောက်ထပ် ၂၀ လောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၅၀၀ နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ ကနဦး သိရှိထားရပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီလောက်မှာ ဂျက်ဖိုက်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ ရခိုင်နဲ့ မွတ်ဆလင်တွေအပါအဝင် ကလေးတွေ အမျိုးသမီးတွေလည်း ပါဝင်ခဲ့ကြပါတယ်။
စစ်ကောင်စီက အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင်း ကျောက်နီမော်ကျေးရွာ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်ရှိ လူနေအိမ် ၅၀၀ မနည်းဟာလည်း မီးလောင်ပျက်စီးသွားတယ်လို့ သိထားရပါတယ်။
လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုခံယူနေကြရပြီးတော့ သေဆုံးမှုနဲ့ ဖြစ်စဥ်အသေးစိတ်ကို DVB ကစုံစမ်းနေဆဲ ဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲကို စစ်ရေးနဲ့ ဖြေရှင်းရေးထက် နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ဒီဇင်ဘာ ၂၉ ရက်နေ့က အာရက္ခတပ်တော်က ကြေညာပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ ပါတယ်။