စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း မြို့ဝင်လမ်းကို စစ်ကောင်စီက အရပ်ခေါ် JCB (မြေတူးစက်) နဲ့ ဖျက်ဆီးသွားလို့ မြို့နယ်တောင်ပိုင်းက ဒေသခံတွေ အခက်အခဲ ဖြစ်နေကြပါတယ်။
စစ်ကောင်စီက ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက JCB တစီး၊ စစ်ကားတစီးနဲ့ လာရောက်ကာ ဒေသခံတွေ အသုံးများတဲ့ မြို့လှ-လေးအိမ်စု လမ်းပိုင်းကို ဖျက်ဆီးသွားခဲ့တာပါ။
စစ်ကောင်စီက မြို့လှလမ်းပိုင်းကို ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေက တခြား ဝေးလံတဲ့ တောလမ်းတွေကနေ မြို့တွင်းကို လာရောက်နေကြရပြီး အဲဒီလမ်းပိုင်းကနေ ကုန်ပစ္စည်းတင်ယူရင် ဈေးကြီးမြင့်တာတွေရှိတယ်လို့ ကလေးနယ်တောင်ပိုင်းက ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီက ကလေး-ဂန့်ဂေါ လမ်းမကြီးကို ပိတ်ထားတာကြောင့် ဒေသခံတွေက ကုန်စည်ကူးသန်းရောင်းဝယ်ရေးနဲ့ ကျန်းမာရေးကိစ္စတွေအတွက် အဆိုပါ မြို့လှ-လေးအိမ်စု လမ်းပိုင်းကို အဓိက အသုံးပြုနေကြရတာပါ။
အဲဒီလမ်းပိုင်းဖျက်ဆီးမှု အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်ထားတာ မရှိဘဲ စစ်ကောင်စီတပ်က မြို့နယ်အတွင်းက ဒေသခံတွေအသုံးပြုတဲ့ လမ်း၊ တံတားတွေကို ဖျက်ဆီးလေ့ရှိတယ်လို့ ဆိုကြပါတယ်။
ပြီခဲ့တဲ့နှစ် အောက်တိုဘာ ၅ ရက်က မြို့နယ်တောင်ပိုင်းက စက်မှုဇုန်-ကျောက်ဂူလမ်း၊ ဇန်နဝါရီ ၂၃ ရက်က မြို့နယ်မြောက်ပိုင်း အိတ်စွတ်ရွာအနီးက တံတားတွေကို ဖျက်ဆီးခဲ့ပါသေးတယ်။