ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ တပ်ရင်းအနီးက လေယာဉ်ကွင်းကို စစ်ကောင်စီတပ်က ပြန်လည်ပြင်ဆင်နေတယ်လို့ ဒေသခံတွေ၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဟင်္သာတ-ပုသိမ် ကားလမ်းမကြီးဘေးရှိ ဟင်္သာတအခြေစိုက် ခလရ ၁၈ တပ်ရင်းအနီးက ဟင်္သာတ လေယာဉ်ကွင်းကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမအပတ်က စတင်ပြီး ပြန်လည်ပြင်ဆင်နေတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဟင်္သာတ လေယာဉ်ကွင်းက မသုံးတာကြာပါပြီ။ အခု ပြန်ပြုပြင်နေတာ။ စစ်ရေးအတွက်သုံးဖို့ ပြင်ဆင်နေတာဖြစ်မယ်။ လေယာဉ်ကွင်းက အမှတ် ၁၈ ခလရ ခြေလျင်တပ်ရင်းအနီးမှာ ရှိတာ” လို့ ပြောပါတယ်။
အဲဒီ ဟင်္သာတလေယာဉ်ကွင်းဟာ ၁၉၈၀ ပြည့်နှစ်ကာလဝန်းကျင်က နောက်ဆုံး အသုံးပြုခဲ့တာ ဖြစ်ပြီး လေယာဉ် အတက်အဆင်း မရှိတော့ဘဲ ဂေါက်ကွင်းအဖြစ် အသုံးပြုနေတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီတပ်က အင်ဂျင်နီယာနဲ့ တပ်သားတွေက ပြင်ဆင်နေတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ဆင်းနိုင်တဲ့ ရေကြည်မြို့၊ မြောက်စမ်းကျေးရွာရှိ ရေကြည် အမတ ၃၄၄ တပ်ဝင်းအတွင်းမှာ လေယာဉ်ကွင်းတခု၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာမှာ လေယာဉ်ကွင်းတခု၊ ကျုံပျော်မြို့နယ်မှာလည်း လေယာဉ်ကွင်းတခု တည်ဆောက်နေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဂွမြို့နဲ့ တောင်ကုတ်မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းယူပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ခံစစ်ပြင်နေပြီး လေယာဉ်ကွင်းအသစ်တွေပါ အရေးပေါ်တည်ဆောက်နေတာလို့ သိရပါတယ်။