ဧရာဝတီတိုင်း၊ ဟင်္သာတမြို့ စက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဆရာမတွေကို စစ်ကောင်စီတပ်က PDF တွေကို ထောက်ပံ့ကူညီနေတယ်လို့စွပ်စွဲ ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေ ဆီကသိရပါတယ်။
ဟင်္သာတစက်မှုအထက်တန်းကျောင်းက ကျောင်းဆရာ ဦးကြည်ဝင်း အပါအဝင် ဆရာ၊ ဆရာမ ၅ ယောက်ကို ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “၁၀ ရက်နေ့က ဆရာကြီး အဖမ်းခံရတာ။ နောက်ထပ် ၄ ယောက်ကတော့ ၁၁ ရက်နေ့က အဖမ်းခံရတာ။ အဖမ်းခံရသူတွေက ဆရာ၊ ဆရာမတွေချည်းပဲ။ PDF ထောက်ပံ့လို့ဆိုပြီး စစ်တပ်ကဖမ်းတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့ ဆရာ၊ ဆရာမတွေနဲ့ မိသားစုတွေဟာ ဒီဇင်ဘာ ၁၃ ရက်အထိ အဆက်အသွယ်မရဘဲ ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ဆိုပါတယ်။
စက်မှုအထက်တန်းကျောင်းက ဆရာ၊ ဆရာမတွေကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားတဲ့အပြင် ဆရာမ၊ ဆရာမတွေရဲ့နေအိမ်တွေနဲ့ ကျောင်းကိုပါ အတင်းဝင်ရောက် လိုက်လံစစ်ဆေးနေတယ်လို့ နီစပ်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် ဆရာတယောက်ကိုလည်း ထပ်ဖမ်းသွားတယ်လို့သိရပြီး ဆရာ၊ ဆရာမတွေကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို သေသေချာချာ မသိရသေးပါဘူး။