ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ဖောင်ဆိပ်ရွာနားက ရေကာထားတဲ့တာမှာ ဧရာဝတီမြစ်ရေကျချိန် မြေသားပြိုကျတာကြောင့် ဒေသခံတွေ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ရေပြန်ကျလာတဲ့အချိန် ဖောင်ဆိပ်ကျေးရွာအနီးက ရေကာတာမြေသားဟာ သြဂုတ် ၈ ရက်က စလို့ ပြိုကျခဲ့ပြီး လက်ရှိမှာ မြေသားအကျယ် ပေ ၂၈၀ နဲ့ အနံ ပေ ၁၃၀ အထိ ပြိုကျနေတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကမ်းပြိုတာက ဖောင်ဆိပ်ရွာအနီးမှာ ဖြစ်တာပါ။ နည်းနည်းချင်းပြိုကျနေတာ။ ဧရာဝတီမြစ်ရေကျချိန် ရေတိုက်စားလို့ ကမ်းပြိုတာ။ အခုအတိုင်းဆို ဖြတ်တာပါ ပေါက်ကျ သွားနိုင်တယ်” လို့ ပြောပါတယ်။
အဲဒီ ကမ်းပြိုကျနေတဲ့နေရာအနီးမှာ ဖောင်ဆိပ်၊ တာငုတ်၊ ငှက်ပျောတော၊ အုန်းတောနဲ့ မကျီးတောစတဲ့ ကျေးရွာတွေရှိပြီး ဒေသခံတွေကို ကမ်းပြိုဘေးလွတ်တဲ့နေရာကို ကြိုတင်ပြောင်းရွှေ့ နေရာချထားပေးတယ်လို့ သိရပါတယ်။
ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “စိုးရိမ်စရာ အခြေအနေမရှိပါဘူး။ ဒေသခံတွေကို ကြိုတင် ပြောင်းရွှေ့ထားသလို မြစ်ရေကလည်းကျနေတဲ့အချိန် ဆိုတော့လေ။ အခုပြိုကျနေတဲ့ နောက်မှာလည်း ဖြတ်တာသစ်က ရှိပြီးသားဆိုတော့ပြောတာပါ” လို့ ပြောပါတယ်။
ဧရာဝတီဖြစ်ရေမြင့်တက်လို့ ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရေကြီး ရေလျှံတာတွေဖြစ်လို့ နေအိမ်တွေရေနစ်မြုပ်တဲ့အပြင် စပါးအပါအဝင် သီးနှံ စိုက်ခင်းဧက ၅,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့သေးတယ်လို့ သိရပါတယ်။