ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ စက်သုံးဆီ ဒီဇယ်နဲ့ ဓာတ်ဆီတွေ ပြတ်လပ်နေတာကြောင့် ဆီဆိုင် ၁၅ ဆိုင် အရောင်းရပ်ဆိုင်းထားလိုက်ရပြီလို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာတမြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဝယ်လိုအားက အရမ်းများတယ်။ စက်သုံးဆီက လိုသလိုမရတဲ့အတွက် ရောင်းရတာ အဆင်မပြေတော့လို့ ပိတ်ထားတာပါ။ ဟင်္သာတမှာ စက်သုံးဆီအရောင်းဆိုင် တော်တော်များများ ပိတ်ထားတာ တွေ့ရတယ်။ လက်ရှိ စက်သုံးဆီရောင်းရတဲ့ အခြေအနေက အတော်ကို အကျပ်ဆိုက်ပြီး ရောင်းတဲ့ဘက်ရော ဝယ်တဲ့ဘက်ရော ဘယ်လိုမှ အဆင်မပြေတဲ့ အခြေအနေ ရောက်နေလို့ ပိတ်လိုက်ရတာပါ” လို့ ပြောပါတယ်။
ဟင်္သာတမြို့မှာ စက်သုံးဆီပြတ်လပ်လာလို့ လက်ရှိ ပိတ်လိုက်ရတဲ့ စက်သုံးဆီဆိုင်တွေဟာ နာမည်ကြီး ပန့်ဆိုင်အကြီးတွေ ဖြစ်တယ်လို့ သိရပြီး စက်သုံးဆီပြတ်လပ်တဲ့အထိ ဖြစ်ပေါ်လာတဲ့အတွက် စက်သုံးဆီကို အဓိကအသုံးပြု လုပ်ကိုင်နေရတဲ့ ပို့ဆောင်ရေးလုပ်ငန်း၊ အသေးစား၊ အလတ်စား အိမ်တွင်းမှု၊ စက်မှုလက်မှုလုပ်ငန်း၊ လယ်ယာလုပ်ကိုင်သူတွေ အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဟင်္သာတမြို့ခံ Delivery သမားတယောက်က “ရွာတွေဘက်မှာတော့ ဆီလုံးဝပြတ်သွားပြီ။ ဆိုင်ကြီးတွေ လုံးဝမရေတာ့ဘူး။ လမ်းဘေးဆိုင်တွေတော့ ၁ လီတာ မပြည့်ဘူး၊ ၄,၀၀၀ ပေးနေရတယ်။ မနည်း တောင်းဝယ်ရတာ။ အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့်လို့မရဘူး။ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ စက်သုံးဆီက ဈေးတက်လာတဲ့အပြင် ဆီပြတ်တဲ့အထိ ဖြစ်လာတော့ အတော်ဒုက္ခရောက်တာပေါ့ဗျာ” လို့ ပြောပါတယ်။
ဟင်္သာတမြို့နယ်မှာ ဇူလိုင် ၂၆ ရက် စက်သုံးဆီပေါက်ဈေးအနေနဲ့ ဓာတ်ဆီ ၉၂ တလီတာ ၄,၀၀၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၄,၅၀၀ ကျပ်၊ ဒီဇယ်တဂါလံ ၂၅,၅၀၀ ကျပ် ဈေးပေါက်နေတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း ဟင်္သာတမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဓာတ်ဆီ ၉၂ တလီတာ ၃,၂၀၀ ကျပ်၊ ဓာတ်ဆီ ၉၅ တလီတာ ၃,၈၀၀ ကျပ်၊ ဒီဇယ်တဂါလံ ၁၇,၅၅၅ ကျပ်ဈေးသာ ပေါက်ခဲ့တယ်လို့ သိရပါတယ်။