စစ်ကိုင်းတိုင်းမှာ စက်သုံးဆီပြတ်လပ်ပြီး ဈေးအဆမတန်တက်နေတာကြောင့် မိုးစပါးစိုက်ပျိုးမယ့် တောင်သူတွေ အခက်အခဲဖြစ်နေပါတယ်။
စစ်ကိုင်းတိုင်းမှာ စက်သုံးဆီပြတ်လပ်နေတာကြောင့် ဓာတ်ဆီတဂါလန် ၁၈,၀၀၀၊ တလီတာ ၄,၅၀၀ ကျပ်အထိ ပေးဝယ်နေရပြီး ဒီဇယ်ဆီကတော့ လုံးဝပြတ်လပ်နေကာ ပန့်ဆိုင်ကြီးတွေမှာ လုံးလုံးဝယ်မရတဲ့အထိဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က ဓာတ်ဆီတလီတာ ငွေကျပ် ၁,၀၀၀ အောက်သာပေါက်ဈေးရှိခဲ့ပြီး အချိန် ၃ နှစ်ကျော်အတွင်းမှာ ၄ ဆကျော် ဈေးတက်ခဲ့တာပါ။ လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းအတွင်း နွေစပါးရိတ်သိမ်းပြီး မိုးစပါးပြန်စိုက်တဲ့ ကာလဖြစ်တာကြောင့် စက်နဲ့ထွန်ယက်ဖို့ စက်သုံးဆီမရရင် ပြန်စိုက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ခင်ဦးဒေသခံတယောက်က ပြောပါတယ်။
“စက်သုံးဆီတွေ ပြတ်လပ်လို့ဗျာ။ ဓာတ်ဆီတလီတာ ၄,၅၀၀ တောင် ပေးဝယ်ခဲ့ရတယ်။ ဒီဇယ်တွေလည်း ဝယ်မရဘူး။ စက်သမားတွေလည်း ဒုက္ခရောက်ပ။ စပါးရိတ်စက်တွေရော လယ်ယာထွန်စက်တွေရောပဲ။ သရက်ပင်စုရွာ ညောင်ပင်သာတို့ ပန့်ဆိုင်ကြီးတွေက မရောင်းနိုင်တော့ဘူး။ မရှိတဲ့အခါတော့ လူတွေမှာ လုံးလုံးကိုမရတာ တန်းစီရမယ့် ပုံစံမျိုးဖြစ်နေတာ။ ခုက နွေစပါးရိတ်သိမ်းချိန်ဖြစ်နေတာလေ။ စပါးဈေးတွေကိုလည်း သူတို့သတ်မှတ်တဲ့ ဈေးဝယ်ရမှာဆိုတော့ တောင်သူတွေကမရောင်းနိုင်ဘူး။ စပါးလည်း ဝယ်မယ့်သူမရှိဘူး။ ပိုက်ဆံကလည်း စပ်ဝယ်ရအောင်ဆို စက်ပိုင်တွေမှာ အခက်အခဲဖြစ်။ အခုရိတ်ခတွေက တဧကကို ၁၆၀,၀၀၀ ပေးရတာဆိုတော့ လယ်သမားတွေအနေနဲ့လည်း ဒီဈေးနဲ့ မကိုက်တဲ့အခါကြတော့ မရောင်းကြဘူးပေါ့။ စပါးတွေကလည်း ရောင်းမထွက် လိုတဲ့ ပစ္စည်းကြတော့လည်း ဝယ်လို့မရ လမ်းကြောတွေကပိတ်၊ အခက်အခဲတွေလည်း တအားဖြစ်တာပေါ့။ နွားတွေ ကျွဲတွေလည်း မရှိတဲ့အခါကြတော့ ဒီစက်သုံးဆီသာ ပြတ်လပ်လာမယ်ဆိုရင် တောင်သူတွေအတွက် ငုတ်တုပ်ထိုင်ရုံပဲ၊ လုပ်ကိုင်မစားရုံပဲ ရှိတော့တယ်။”
စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာ၊ စိုက်ပျိုးရေးသုံး ကျွဲနွားတွေသေဆုံးတာ၊ လမ်းတွေ ပိတ်ထားတာ၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့မြို့ပေါ်က ဆီဆိုင်တွေကို လူတိုင်းသွားမဝယ်ရဲတာနဲ့ ဈေးကစားတာတွေကြောင့် ဆီဈေးတွေ အဆမတန်တက်နေတာလို့ ရွှေဘိုဒေသခံလယ်သမားတယောက်က ပြောပါတယ်။
"ဒီမှာလည်းဝယ်မရဘူး လိုသလောက်မရဘူး။ ရွှေဘိုကကိုက တန်းစီးရတာ ဝယ်ရတာ။ ခုဟာက နွေစပါးကို ရိတ်သိမ်းပြီး မိုးစပါးပြန်လုပ်ဖို့ လယ်တွေ ပြန်ထွန်ကြရတာပေါ့။ ထွန်စက်တွေနဲ့ ထွန်ရမှာဆိုတော့ ဆီဝယ်မရတော့ အခက်အခဲဖြစ်တာပေါ့ဗျာ။ ဒီဘက်မှာ တဂါလန်ကို ၁၈,၀၀၀။ တဂါလန်ခွဲလောက်ကုန်တယ် တဧကဆို၊ ဒါတောင်ဆီမစားတဲ့စက်မှနော်၊ မကျသေးတဲ့စက်မှ။ စက်ရေတင်စိုက်ရမယ့် သူတွေဆိုရင်တော့ ပိုခက်ခဲတာပေါ့ဗျာ။ စစ်ရေးအခြေအနေကြောင့် အများဆုံးဖြစ်တာပေါ့ဗျာ ဒေသတွင်းမှာဆိုရင်တော့။ စစ်ကောင်စီကလည်း အတော်အသင့်ဟာဆို လမ်းကြောတွေက ပိတ်ထားတာဆိုတော့လေ၊ ဝင်လို့ထွက်လို့ ဝယ်လို့ပြုလို့မလွယ်တာပေါ့ဗျာ။ အဲ့ကနေပြီးတော့ ဈေးတွေတက်တာပေါ့။ သူတို့ထိန်းချုပ်ထားတဲ့ မြို့တွေပေါ်မှာဆို လူတိုင်းမသွားရဲဘူးဗျာ။ ကစားတဲ့အပေါ်မှာလည်း မူတည်တာပေါ့။”
ဒီနှစ်ဆန်းကစပြီး စစ်ကောင်စီ သတ်မှတ်ထားတဲ့ စပါးဈေးနှုန်းဟာ စိုက်ပျိုးစရိတ်နဲ့ ရိတ်သိမ်းစရိတ်တော င်မရနိုင်တဲ့အတွက် လယ်သမားတွေက မရောင်းချင်တာ၊ စပါးပွဲစားတွေကလည်း စစ်ကောင်စီသတ်မှတ်ဈေးနှုန်းထက် ပိုပေးပြီးမဝယ်ရဲတာ၊ ဆန်စက်တွေကလည်း တွက်ခြေမကိုက်ဘဲ ရပ်ထားတာတွေကြောင့် နောင်နှစ်တွေမှာ စစ်ကိုင်းဒေသတွင်း ဝမ်းစာ စားနပ်ရိက္ခာရှားပါးမှုဟာ ပိုဆိုးလာမယ့်အခြေအနေဖြစ်ပေါ်နေတာပါ။
စစ်ကောင်စီကတော့ ဆန်ဈေးတက်နေတာကိုထိန်းဖို့ အခြေခံစပါးဈေးကို လျော့ချသတ်မှတ်တာ၊ ရွှေဈေးဒေါ်လာဈေးတက်တာကိုထိန်းဖို့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးတာ၊ ဘဏ်လုပ်ငန်းရှင်တွေကို ဖိအားပေးတာ စသဖြင့် ကုန်ဈေးနှုန်းကိုထိန်းဖို့ကြိုးစားခဲ့ပြီး နည်းလမ်းမှန်မဟုတ်တာကြောင့် ပိုဆိုးတဲ့အခြေအနေတွေပဲ ဖြစ်ပေါ်လာတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
သုတချမ်းသာ