Home
မြန်မာသတင်း
စိုက်ပျိုးရေးဆိုင်များ ရည်ညွှန်းဈေးအတိုင်းမရောင်းသဖြင့် တောင်သူများ အခက်ကြုံ 
DVB
·
July 11, 2024

စိုက်ပျိုးရေးဆေးဆိုင်တွေကို စစ်ကောင်စီက ရည်ညွှန်းဈေးသတ်မှတ်ထားပေမဲ့ အရင်အတိုင်း ပြင်ပပေါက်ဈေးပေးဝယ်နေရတာကြောင့် တောင်သူတွေ အခက်အခဲကြုံနေကြရပါတယ်။

စစ်ကောင်စီက စပါးဈေးကျဖို့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာဈေးတွေကို သတ်မှတ်ဈေးအတိုင်းရောင်းဖို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ဈေးနှုန်းတွေ သတ်မှတ်လိုက်ပါတယ်။  

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလို တအိတ် ၇၃,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကို ၁၀၀,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ၅၀ ကီလိုတအိတ် ၁၁၅,၀၀၀ ကျပ်၊ Complex ၁၅ ပတ်လည် ၅၀ ကီလိုတအိတ်ကို ၁၂၂,၀၀၀ ကျပ်ဆိုပြီး သတ်မှတ်ထားပါတယ်။ 

ဒါပေမဲ့ တောင်သူအများစုက စစ်ကောင်စီ သတ်မှတ်ပေးထားတဲ့ ဈေးအတိုင်း ဝယ်မရဘူးလို့ သိရပါတယ်။

ပဲခူးတိုင်းက တောင်သူတွေကတော့ အကြွေးစနစ်၊ သီးနှံပေါ်မှပေးတဲ့ စနစ်တွေနဲ့ ၀ယ်ယူကြတာကြောင့် ဆိုင်ကရောင်းတဲ့ ဈေးအတိုင်း ၀ယ်ယူရကာ အရင်အတိုင်း ဈေးကြီးပေးဝယ်ကြရတယ်လို့ ပြည်ခရိုင်ထဲမှ တောင်သူတယောက်က ပြောပါတယ်။

“သူတို့က စာထုတ်တာတော့ ထုတ်တာပေါ့။ ဒီမှာက အကြွေးစနစ်နဲ့ ဖြန့်ဝေတာကိုး။ တောင်သူကလည်း အကြွေးရရင်တော့ လောလောဆယ်စိုက်မှ မပေးရတာ၊ တချိန်ကျမှ ဘယ်လောက်ပေးရပေးရ ဆိုတာမျိုး။ ဒီအထဲမှာ အတိုးနှုန်းပါ ထည့်ယူပြီး ရောင်းတော့မှာပေါ့။ လက်ငင်းငွေချေစနစ်က ဒီမှာမရှိဘူး၊ သီးနှံပေါ်မှပေးရတာ၊ ကိုယ်စားလှယ်တွေလည်းရှိတယ်။ ဒီဆိုင်ကြီးတွေနဲ့ နီးစပ်တဲ့သူတွေက ကိုယ်စားလှယ်ယူပြီး သူကတဆင့်ပြန်ဖြန့်ကြတာဆိုတော ၂ ထပ်စားတော့ ဖြစ်မှာပေါ့။ အမှန် ၈၀,၀၀၀ တန်းတဲ့ ပစ္စည်းက ၁၀၀,၀၀၀ ဆိုလည်း ယူကြတာပဲ၊ လောလောဆယ်အကြွေးရတာကိုး” လို့ ပြောပါတယ်။

ရေးမြို့က တောင်သူတယောက်ကလည်း ပြီးခဲ့တဲ့ရက်က complex ၁၅ ပတ်လည် ဓာတ်မြေဩဇာတအိတ်ကို ၂၂၅,၀၀၀ နဲ့ ၀ယ်ခဲ့ရကြောင်း ပြောပါတယ်။

“ယိုးဒယားကလာတဲ့ ၁၅ ပတ်လည် ဂရိုဟောင်းတအိတ်ကို မနေ့ကပဲ ၀ယ်ခဲ့တာ ၂၂၅,၀၀၀ ပေးခဲ့ရတယ်။ တခြားဟာတွေလည်း အကုန်တက်နေတာပါပဲ။ သူတို့ပြောတဲ့ ဈေးနဲ့က တခြားစီပါပဲ။ ဘယ်သူက အရှုံးခံပြီးရောင်းမလဲ သူတို့၀ယ်တဲ့ ဈေးကိုက များတာကိုး။”

မကွေးတိုင်းထဲမှာ စိုက်ပျိုးရေးဆေးဆိုင်ဖွင့်ထားသူတဦးက “ဆိုင်တွေကတော့ ပုလဲဓာတ်မေဩဇာတအိတ်ကို ၈၀,၀၀၀ နဲ့ ယူရပြီး စရိတ်နဲ့ဆိုရင် မကွေးတိုင်းထဲမှာ တအိတ်ကို ကျပ် ၉၀,၀၀၀ ကျော်ရောင်းရတယ်လို့ ပြောပါတယ်။ ဒါကြောင့် တောင်သူတွေကို ရှင်းပြပြီး ဘောက်ချာမဖွင့်တဲ့စနစ်နဲ့ ရောင်းနေရတယ်လို့ ပြောပါတယ်။

“ပုလဲဓာတ်မြေဩဇာတအိတ်ကိုပင်  ၈၀,၀၀၀ လောက်နဲ့ ယူရတာ၊ စရိတ်နဲ့ ဘယ်လိုမှ သူတို့ပြောတဲ့ ဈေးမရောင်းနိုင်ဘူး။ တချို့ လက်ငင်း ရောင်းရတာရှိသလို တချို့ကျတော့ အကြွေးရောင်းရတာ။ အကြွေးနဲ့ရောင်းရတာကြတော့ ဈေးတမျိုးဖွင့်ရတာ၊ သူတို့ပြောတဲ့ ဈေးနဲ့ ဘယ်လိုမှမရောင်းနိုင်ဘူး။ ဟိုဘက်က ယူရတာကို သူတို့သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ တခုမှမရဘူး၊ ကိုယ်ရောင်းဖို့ မပြောနဲ့။ ဒါကြောင့် တောင်သူကို ရှင်းပြလိုက်တယ်၊ ဒီဈေးဒီဈေး ဖြစ်တယ်၊ အဲ့ဒါကို သဘောတူရင်ယူ ဘောက်ချာတော့ ဖွင့်မပေးဘူး ကြိုက်ရင်ယူလို့။”

အခုလို ဈေးနှုန်းတွေ သတ်မှတ်ထားတာကို ပိုရောင်းချတဲ့ ဆိုင်တွေရှိလို့ တိုင်ကြားလာခဲ့ရင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းက အမှုဖွင့်ပေးပြီး ပြည်ထဲရေးကအရေးယူသွားမှာဖြစ်ကြောင်း၊ နယ်တွေဘက်က ဆိုင်တွေကတော့ အခုသတ်မှတ်ဈေးထက် ပိုနိုင်ကြောင်း မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း တာ၀န်ရှိသူတဦးက ပြောပါတယ်။

“ဈေးကွက်မှာတော့ အများကြီးပဲပေါ့ဗျာ။ အောက်လက်နဲ့၀င်တဲ့ဟာတွေလည်း အကိုတို့လည်း သဘောပေါက်မှာပါ၊ သူတို့ကျတော့ သူတို့ရောင်းခြင်တဲ့ ဈေးနဲ့ ရောင်းမှာပေါ့။ အဲ့ဒါကျတော့ အသင်းအနေနဲ့တော့ ဘာမှလုပ်ပေးလို့မရဘူး။ အသင်းအနေနဲ့ လုပ်ပေးတာက သွင်းကုန်လိုင်စင်နဲ့ သွားနေတဲ့ ကုမ္ပဏီတွေကတော့ လက်ရှိ ရန်ကုန်မြို့ပေါ်ဆိုရင်တော့ အဲ့ဈေးအတိုင်းရမယ်၊ နယ်မြို့တွေမှာကျတော့ သယ်စရိတ်၊ ဒေသအလိုက်၊ နေရာအလိုက် သယ်ယူစရိတ် ပြောင်းလဲသွားမယ်၊ အလုပ်သမားခ ပြောင်းလဲသွားမယ်၊ အဲ့ဒီအပေါ်မှာ ပစ္စည်းတန်ဖိုးကို  ၅ ရာခိုင်နှုန်း ၃ ခုပေါင်းပြီးတော့မှ အမြတ်တင်ရောင်းမယ်ပေါ့။”

ရည်ညွှန်းဈေးတွေနဲ့ မရောင်းရင် တိုင်ကြားနိုင်တယ်လို့ ဆိုထားပေမဲ့ မြေပြင်မှာတော့ တောင် သူတွေ ဈေးကြီးပေးဝယ်နေရသလို လောင်စာဆီလည်း ဈေးမြင့်တက်နေတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024