ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး နေအိမ်တွေ ဖျက်သိမ်း ပြောင်းရွှေ့နေရတဲ့အထိ ဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁ ရက်ကနေ ၂၈ ရက်အထိ ဧရာဝတီမြစ်ရေ တိုက်စားမှုဒဏ်ကြောင့် ဟင်္သာတမြို့နယ်၊ ရေလယ်သောင်ကျေးရွာမှာ ကမ်းပါးပြိုကျမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာလို့ နေအိမ် ၁၇ လုံးကို အရေးပေါ် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ကမ်းပါးပြိုကျတဲ့ဒဏ်ကြောင့် အန္တရာယ်ရှိလို့ ပြောင်းရွှေ့ခဲ့ရတာ။ မြစ်ကမ်းပါးက အခုလည်း ပြိုကျနေတယ်။ မပြောင်းရင် ထိခိုက်ဆုံးရှုံးတာ များနိုင်တယ်လေ။ လောလောဆယ်တော့ ယာယီတဲထိုးနေတဲ့သူ များတယ်။ ကာကွယ်ရေးမလုပ်ရင် မလွယ်ဘူး” လို့ ပြောပါတယ်။
မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ နေအိမ် ၁၇ လုံးက ဒေသခံတွေဟာ မိသားစုတွေရဲ့ နေအိမ်တွေမှာ ခေတ္တ ပြောင်းရွှေ့နေရသလို ယာယီတဲထိုး နေထိုင်သူတွေလည်းရှိပြီး လူနေအိမ်တွေကို ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာတော့ မရှိဘူးလို့ သိရပါတယ်။
မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနဲ့ နီးစပ်သူက “မြစ်ကမ်းပါးပြိုကျမှု ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိဘူးလို့ သိရပါတယ်။ အိမ်ဖြိုဖျက် ပြောင်းရွှေ့ရတဲ့အတွက် ဆုံးရှုံးတာတော့ ရှိပါလိမ့်မယ်။ သက်ဆိုင်ရာကလည်း ပျက်စီး ထိခိုက် ဆုံးရှုံးမှုအပေါ် မူတည်ပြီး စီစဉ်ထောက်ပံ့ပေးနေပါတယ်” လို့ ပြောပါတယ်။
အဲဒီ ကမ်းပါးပြိုကျမှုမှာ နိုဝင်ဘာ ၂၉ ရက်အထိ ဆက်လက်ဖြစ်ပွားနေပြီး လူနေအိမ်တွေကို ကြိုတင်ဖျက်သိမ်း ရွှေ့ပြောင်းရတာကြောင့် ဆုံးရှုံးမှုရှိပြီး အိမ်သစ် ပြန်လည်တည်ဆောက်ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ် ၁၇ လုံးက လူအယောက် ၃၀ ထက်မနည်း သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက နိုဝင်ဘာ ၂၉ ရက်အထိ အကူအညီပေးတာ မရှိသေးဘူးလို့ သိရပါတယ်။