Home
မြန်မာသတင်း
ပန်းတနော်မြို့နယ် ကန္နားစုကျေးရွာတွင် ကမ်းပြိုကျမှု ထပ်မံဖြစ်ပွား
DVB
·
September 27, 2024
photo Crd-MV + Su Su
photo Crd-MV + Su Su
photo Crd-MV + Su Su

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုထဲက ကန္နားစုကျေးရွာမှာ ကမ်းပါးပြိုကျမှုတွေ ဆိုးဆိုးဝါးဝါး ဆက်တိုက်ဖြစ်ပေါ်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

ကန္နားစုကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်က စတင်ပြီး ဧရာဝတီမြစ်ရေတိုက်စားလို့ မြေပြိုမှုတွေ စတင်ဖြစ်ပွားခဲ့ပြီး လူနေအိမ်ခြေ ၅၀ လောက် ပြောင်းရွှေ့ခဲ့ရပြီးနောက် တလကျော်အကြာ ဩဂုတ်လကုန်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဝါးတွေကို ယက်လုပ်ထားတဲ့ ဝါးကပ်တွေနဲ့ ကမ်းပြိုကာကွယ်ရေး လုပ်ပေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီကျေးရွာက ဒေသခံတယောက်က “စကစ လက်အောက်ခံ ရေအရင်းမြစ်ကနေ လုပ်သွားတာ။ ဝါးတိုင်တွေစိုက်ပြီး ဝါးကပ်တွေကာရံပြီး ဝါးပင်၊ သစ်ပင်တွေ ထည့်ပြီးတော့ ရေကာတန်း ကနုတ်ရိုက်တာတဲ့။ သူတို့လုပ်ပြီး ဘယ်လောက်မှမကြာဘူး၊ မြစ်ကမ်းပါးက ဆက်ပြိုကျတာကြောင့် လူနေအိမ် ခြံဝန်းတွေ၊ ကျေးရွာလမ်းတွေပါ မြေပြိုတဲ့အထဲ ပါသွားတယ်။ ဘာလုပ်လုပ် စေတနာပါပါ ထိထိရောက်ရောက် လုပ်မပေးပါဘူး” လို့ ပြောပါတယ်။

အဲဒီ ကမ်းပြိုကျမှုဖြစ်ပေါ်နေတဲ့ ကန္နားစုကျေးရွာမှာ အိမ်ထောင်စု ၉၀ ကျော်ရှိပြီး ခြံဝင်း အကျယ်တွေနဲ့ နေထိုင်ကြကာ မြေပြိုမှုကြောင့် နေအိမ်အလုံး ၅၀ ကျော် ကြိုဖျက် ပြောင်းရွှေ့ခဲ့ကြရပြီး ရာသီပေါ်သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့အပြင် ကိုယ်ထူကိုယ်ထ ခင်းထားတဲ့ လမ်းတွေနဲ့ ကွမ်းခြံတွေပါ ကမ်းပြိုကျတဲ့အထဲ ပါသွားလို့ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ကမ်းထိန်းကာကွယ်ရေးလုပ်ပေးမယ်၊ ဒေသခံတွေရဲ့ လုပ်အားလိုတယ်ပေါ့၊ အုပ်ကြီးကပြောတော့ ကူညီ လုပ်အားပေးခဲ့ရတာ။ ဟိတ်ကြီး ဟန်ကြီးနဲ့ ဟန်ပြသက်သက်ပဲ၊ သူတို့လုပ်ပြီး မကြာဘူး ထပ်ပြိုတာပဲ။ ပျက်စီးဆုံးရှုံးတာတွေ များတော့ ထိထိရောက်‌ေရာက် လုပ်စေချင်တာပါ။ အခုတော့ ရွာပျက်တော့မယ်” လို့ ပြောပါတယ်။

ကမ်းပြိုကျမှုကြောင့် နေအိမ်ဖျက်ပြောင်းခဲ့ရသူတွေဟာ နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရောက်နေထိုင်နေရပြီး ငွေကြေးတတ်နိုင်သူတချို့ကတော့ တခြားလွတ်ရာနေရာမှာ မြေကွက်လေးတွေ ပြန်လည်ဝယ်ယူ နေထိုင်ကြတယ်လို့ သိရပါတယ်။

ဘဝိုင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ကန္နားစုနဲ့ မြင်းကဒေါင်ရွာဟာ အရင်က တဆက်တည်း ရှိနေခဲ့ပြီး မြင်းကဒေါင်ကျေးရွာကလည်း ၂၀၂၃ ခုနှစ် နှစ်လယ်လောက်ကတည်းက မြစ်ကမ်းပြိုတာကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့တာကြောင့် မြင်းကဒေါင်ရွာလို ဖြစ်မှာကို ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းကဒေါင်ကျေးရွာ ကမ်းပါးပြိုကျစဉ်ကလည်း စစ်ကောင်စီလက်အောက်ခံ ရေအရင်းမြစ်နဲ့ မြစ်ချောင်းများဖွံ့ဖြိုးရေး ဦးစီးဌာနက ကမ်းထိန်း၊ ကမ်းပြို ကာကွယ်ရေး လုပ်ငန်းတွေ စနစ်တကျ မလုပ်ခဲ့ဘဲ ဟန်ပြပုံစံမျိုးသာ လုပ်ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013