Home
မြန်မာသတင်း
ပန်းတ‌နော်တွင် မြစ်ရေကြီးပြီး အိမ်ခြေ ၁၀၀ ကျော် နစ်မြုပ်
DVB
·
September 13, 2024
Photo Crd-KKL
Photo Crd-KKL
Photo Crd-KKL
Photo Crd-KKL

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကညင်ကုန်းအုပ်စု၊ နတ်ဆည်ကျေးရွာမှာ တိုးမြစ်ရေ မြင့်တက်လာပြီး လူနေအိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်နေလို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နတ်ဆည်ကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်က စပြီး တိုးမြစ်ရေ ဒုတိယအကြိမ် ထပ်မံမြင့်တက်လာလို့  နေအိမ် ၁၀၀ ကျော် ရေနစ်မြုပ်နေလို့ အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “အခုရေကြီးမှုက တော်တော်ကို ပိုဆိုးတယ်။ တချို့အိမ်တွေဆို ခေါင်အထိ အကုန်မြုပ်ကုန်တာ။ ဒါက ၂ ခါမြောက်၊ ရေကြီးတာက အခု ငဝန်မြစ်ကမ်းဘေးက ရွာတွေအကုန်လုံး ရေမြုပ်ကုန်တာ။ လောလောဆယ် အစားအစာနဲ့ ရေသန့်တွေ အဓိကလိုနေတာ။ ဘာမှလည်း လုပ်မရ၊ ဘယ်မှလည်း သွားမရ‌ေတာ့ဘူး” လို့ ပြောပါတယ်။

နောက်ထပ် ဒေသခံတယောက်က “မိုးမိတဲ့ဒဏ်နဲ့ မြစ်ရေမြုပ်တဲ့ဒဏ်ကြောင့် ရေဘေးရှောင်တွေတချို့ ဖျားနေတယ်။ အဓိကကတော့ အဖျားပျောက် ဆေးဝါးတွေနဲ့ ရေသန့်တွေ၊ စားစရာတွေ အကူအညီ လိုအပ်နေတာ။ ရေက မကျသေးဘူး။ မိုးကပြတ်လည်း ခဏ ဆက်ရွာနေတာပဲ။ မိုးရွာတာဆို ၅ ရက်လောက်တောင်ရှိနေပြီ” လို့ ပြောပါတယ်။

အဲဒီ နေအိမ် ၁၀၀ ကျော်က ဒေသခံတွေအနေနဲ့ လက်ရှိ တချို့က မိသားစုတွေရဲ့ နေအိမ်တွေမှာ ပြောင်းရွှေ့နေထိုင်နေသလို တချို့က မပြောင်းဘဲ နေနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကလည်း မအူပင်မြို့နယ်မှာ တိုးမြစ်ရေ ဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားလာလို့ အိမ်ခြေထောင်ချီ ရေနစ်မြုပ်ခဲ့ပြီး အထက်တန်းကျောင်းတွေ အပါအဝင် အခြေခံပညာကျောင်း ၂၂ ကျောင်းအထိ ပိတ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

မိုးကြီးလို့ ရေကြီးရေလျှံတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ နေပြည်တော်နဲ့ တိုင်းနဲ့ ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာ ၁၅ ရက်အထိ မိုးဆက်ကြီးနိုင်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မိုးဇလဌာနက စက်တင်ဘာ ၁၂ ရက် မနေ့က မိုးလေဝသ အထူးခန့်မှန်းချက် အနေနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက် မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တယ်လို့ မိုးဇလဌာနက ခန့်မှန်းထားပါတယ်။

ဒါကြောင့် အဲဒီဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တပြက် ရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ မိုးဇလက အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024