ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ မြေနုကျေးရွာက အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံ ၁၂ ယောက်ဟာ စက်တင်ဘာ ၂ ရက်အထိ ပြန်မလွတ်သေးဘူးလို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက် ညပိုင်းက မြေနုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ ၁၂ ယောက်ကို သြဂုတ် ၁၆ ရက်က ဖမ်းဆီးခဲ့တာပါ။
ဒေသခံတယောက်က“ဒေသခံ ၁၂ ယောက်ကို မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ စစ်ကောင်စီတပ်နဲ့ ရဲတွေက ရွာထဲဝင်ပြီး သူတို့မေးစရာ ရှိလို့ဆိုပြီး ခေါ်သွားတာ။ သြဂုတ်လ ၁၆ ရက်နေ့ကတည်းက ဒီကနေ့အထိ ပြန်မလွှတ်သေးဘဲ စစ်ကြောရေးလုပ်နေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရသူ ၁၂ ယောက်ကို ပန်းတနော် မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးတယောက်က စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
အဲဒီစစ်ပွဲ ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၂ ယောက်ဟာ အသက် ၁၈ ၊ ၁၉ နဲ့ ၂၀ ကျော်အရွယ် အမျိုးသားတွေ ဖြစ်ပြီး သူတို့တွေကို ပန်းတနော်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပေမဲ့ မိသားစုဝင်တွေနဲ့လည်း ပေးမတွေ့သေးဘူးလို့ သိရပါတယ်။
ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ကျေးရွာအတွင်း ငွေကြေးကောက်ယူတာ၊ မဖြစ်မနေ စစ်မှုထမ်းဖို့ ဖိအားပေး စည်းရုံးတာ၊ စစ်မှုမထမ်းရဖို့ တိမ်းရှောင်နေသူတွေရဲ့ မိသားစုတွေကို ဖမ်းဆီးတာတဲ့သူဖြစ်ပြီး သြဂုတ် ၁၅ ရက် ည ၈ နာရီလောက်က လယ်အင်းတဲကနေ ပြန်လာရင်း နားထင်ကို သေနတ်နဲ့အပစ်ခံရပြီး သေဆုံးခဲ့ရတာလို့ သိရပါတယ်။