Home
မြန်မာသတင်း
မြန်မာတွင် မြစ်ရေကြီးမှုကြောင့် လူပေါင်း ၄ သိန်းခန့် ရေဘေးသင့်
DVB
·
August 20, 2024
Photo Crd-UN

မြန်မာနိုင်ငံမှာ မြစ်ရေကြီး ရေလျှံမှုကြောင့် မြို့ရွာတွေ ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၄ သိန်းနီးပါး ရေဘေးသင့်ခဲ့တယ်လို့  ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လတွေကတည်းက ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်မြစ်ကမ်း တလျှောက်က မြို့တွေ ရွာတွေမှာ ရေကြီးရေလျှံခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း ဒေသတချို့မှာ စိုးရိမ်ရေမှတ်ကျော်လွန် ရေကြီးနေဆဲ ဖြစ်ပါတယ်။

ရေကြီးမှုကြောင့် ကုန်းလမ်းတွေနဲ့ မီးရထားလမ်းတွေ အပါအဝင် အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ခဲ့တဲ့အတွက် စားဝတ်နေရေးနဲ့ အစားအစာ ဖူလုံရေးကိုပါ ခြိမ်းခြောက်လာခဲ့ကြောင်း ကုလသမဂ္ဂက ထုတ်ပြန် ပါတယ်။

ရေကြီးမှုတွေနဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ပိုဆိုးလာတယ်လို့လည်း ကုလသမဂ္ဂအေဂျင်စီ OCHA က ထုတ်ပြန်ပြောပါတယ်။ 

မိုးအဆက်မပြတ် ရွာသွန်းမှု၊ ရေကြီးနစ်မြှပ်မှုတွေနဲ့ ပိုမိုကျယ်ပြန့်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းဟာ ပိုမိုနက်နဲလာခဲ့ပြီး နေရပ်စွန့်ခွာရမှုတွေလည်း ပိုမို မြင့်တက်စေခဲ့တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှ ပြည်သူတွေဟာ သဘာဝဘေးဒဏ်နဲ့ စစ်ရေးပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်နေရတဲ့အကြောင်း၊ တဖြည်းဖြည်းချင်း ပိုမိုယိုယွင်းလာတဲ့ အကျပ်အတည်းကြောင့် လူပေါင်းများစွာဟာ ဘဝရှင်သန် ရပ်တည်ဖို့အတွက် စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း၊ ဒီလိုအချိန်မှာ အကူအညီ လိုအပ်နေသူတွေကို ထိပ်ဆုံးကနေ အင်တိုက်အားတိုက်နဲ့ မနားတမ်း ကူညီထောက်ပံ့နေကြတဲ့ ဒေသတွင်းနဲ့ နိုင်ငံတဝန်းက ပရဟိတသမားတွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေကို ကုလသမဂ္ဂက ချီးကျူးဂုဏ်ပြုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်လောက်စပြီး မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းမှုနဲ့ မြစ်ရေလျှံမှုတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားရာ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေအပါအဝင် နိုင်ငံတဝန်း လူပေါင်း ၃ ဒသမ ၃ သန်းဝန်းကျင်ဟာ ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာ နေထိုင်ခဲ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တကျော့ပြန် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့်လည်း အခုဩဂုတ်လ တလအတွင်းမှာပင် လူပေါင်း ၁၀၀၀၀ ဝန်းကျင် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

အလားတူ မြန်မာနိုင်ငံရဲ့ တတိယမြောက် လူဦးရေအများဆုံးဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲတွေကြောင့် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် လူထောင်ပေါင်းများစွာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်အဖြစ် ခိုလှုံနေကြရပါတယ်။

အခုအခါမှာ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ သုံးပုံတစ်ပုံဝန်းကျင်ရှိတဲ့ လူပေါင်း ၁၈ ဒသမ ၆ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေပြီး အဲဒီထဲမှာ ကလေးငယ် ၆ သန်း ပါဝင်တယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံရဲ့ အကြီးဆုံးနဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်လာခဲ့တဲ့အကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း ထုတ်ပြန်ခဲ့ ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ရန်ကုန်နဲ့ အနီးဝန်းကျင်ဒေသတွေမှာ လူပေါင်း ၂၄၀၀ ကျော် ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရကြောင်း ပြည်တွင်းမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး WHO က အခုလအစောပိုင်း က ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာလည်း ပြင်းထန်တဲ့ ရေဓာတ်ဆုံးရှံးမှုကို ခံစားနေရတဲ့ လူနာတွေအပါအဝင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုဟာ သိသိသာသာ မြင့်တက်လာခဲ့ပြီး လက်ရှိမှာ ရောဂါဖြစ်ပွားမှု အရေအတွက်ကို တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ကာလဝမ်းရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်တဲ့အနေနဲ့ WHO ဟာ ရန်ကုန်မြို့မှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးသင်တန်းများ ပေးအပ်ခဲ့ပြီး ရေဓာတ်ဖြည့် ဓာတ်ဆားထုပ် ၅၀၀ ဝန်းကျင်နဲ့ အရောင် ချွတ်ဆေးမှုန့် ၄၀ ကီလိုဂရမ်ပုံး ၂၀၀ ကျော်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။

ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ အချိန်နဲ့တပြေးညီ တပေါင်းတစည်းနဲ့ မရရှိမှုက ထိရောက်တဲ့ တုံ့ပြန်စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားဖြစ်နေတယ်လို့ WHO က သတိပေး ပြောကြားထား ပါတယ်။

Source/ Photo- UN

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013