Home
မြန်မာသတင်း
၂၀၂၃ ခုနှစ်အတွင်း မြန်မာအပါအဝင် ၃၃ နိုင်ငံမှ လူသားစာနာဝန်ထမ်း ၂၈၀ စံချိန်တင် သေဆုံး
DVB
·
August 20, 2024
Photo Crd-unocha

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံ က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းဦးရေ ၂၈၀ ဦး ထိ စံချိန်တင် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုနေ့မှာ ခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး ဒါဟာ ပဋိပက္ခတွေအတွင်း ရှေ့တန်းက အကူအညီပေးရေး လုပ်သားတွေ မကြုံစဖူး အရေအတွက်နဲ့ သေဆုံးခဲ့ရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်ဟာ ကမ္ဘာ့ လူသားချင်းစာနာမှုအသိုက်အဝန်းအတွက် အသေအပျောက်အများဆုံးနှစ်အဖြစ် မှတ် တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ အရင် ၂၀၂၂ ခုနှစ်တုန်းက အကူအညီပေးရေးဝန်ထမ်း ၁၁၈ ဦး သေဆုံးခဲ့တာနဲ့ နှိုင်း ယှဉ်မယ်ဆိုရင် ၁၃၇ ရာခိုင်နှုန်းထိ ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ပြင်းပြင်းထန်ထန် တိုးလာတာလို့လည်း UNOCHA က ပြောပါတယ်။

အခု ၂၀၂၄ ခုနှစ်မှာလည်း ဒီ့ထက်ပိုပြီးတော့ အသေအပျောက်ရလဒ်တွေ ဆက်ရှိနိုင်မယ်လို့ ခန့်မှန်းထားကာ Aid Worker Security Database (AWSD) ရဲ့ ယာယီ ရေတွက်မှုအရ အခုနှစ် သြဂုတ် ၇ ရက်အထိ အကူအညီပေးရေး လုပ်သား ၁၇၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်ထဲမှာ သေဆုံးသူတွေရဲ့ ထက်ဝက်ကျော်ကတော့ အောက်တိုဘာလကနေ ဒီဇင်ဘာအထိ ၃ လအတွင်း ဂါဇာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့်ဖြစ်ပြီး အများစုမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဖြစ်တယ်လို့ UNOCHA က ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအထိ ကြာမြင့်လာချိန်မှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေသလို ပဋိပက္ခတွင်း သေဆုံးမှုနဲ့ အရပ်သားတွေအတွက် အန္တရာယ် အများဆုံးနိုင်ငံတွေထဲမှာ မြန်မာက ထိပ်ပိုင်းက ဆက်လက်ပါ ဝင်နေတယ်လို့  ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေကို လေ့လာ စောင့်ကြည့်နေတဲ့ ACLED အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း ရေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၃ သန်းကျော်အထိ ရှိနေခဲ့ပြီ ဖြစ်ကာ မြန်မာ့လူဦးရေရဲ့ သုံးပုံတပုံဖြစ်တဲ့ ၁၈ ဒသမ ၆ သန်းလောက်ဟာ လူသား ချင်းစာနာထောက်ထားမှု အကူညီတွေ လိုအပ်နေတယ်လို့ UNOCHA က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013