Home
မြန်မာသတင်း
ဖလမ်းတွင် တိုက်ပွဲဆက်ဖြစ်နေပြီး မြို့ရှောင်ကွင်းလမ်းများ ပိတ်ထား
DVB
·
January 8, 2025
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဖလမ်းမြို့ရှောင်ကွင်းလမ်းတွေကနေ သွားလာမှုကို ပိတ်ပင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၇ ရက် မနက်ပိုင်းမှာ ဖလမ်း ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်တပ်ဖွဲ့တွေက ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဖလမ်းမြို့ကနေ ကလေး၊ ဝေဘူလ၊ ရိဒ်၊ ဟားခါး စတဲ့မြို့တွေကို ဆက်သွယ်ထားတဲ့လမ်းတွေ အားလုံးကို ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက “မနေ့မနက် ၅ နာရီလောက်ကနေ ၂၆၈ ကို ထိုးစစ်ဆင်နေပါတယ်။ အထဲကိုတော့ ထိုးဖောက်လို့ မရသေးပါဘူး။ သူတို့ဘက်ကလည်း ဂျက်ဖိုက်တာ ၅ စီးနဲ့ တနေကုန်ပဲ လာပစ်တယ်။ Y 12 နဲ့လည်း အလုံး ၁၀၀ ‌‌ကျော်လောက် ချတယ်။ စစ်ဆင်ရေးစကတည်းက လမ်းတွေကိုတော့ ယာယီပိတ်ထားပါတယ်။ လုံခြုံ‌ရေးကြောင့်ရော လေယာဉ်တွေကလည်း ဆက်တိုက်ပစ်နေတော့ မလိုလားအပ်တာတွေ မဖြစ်အောင် ပိတ်ရတာပါ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က စတင်ကာ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေကာ ဖလမ်းမြို့က စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထားပြီး ခလရ ၂၆၈ တပ်ရင်းတခုသာ သိမ်းယူဖို့ ကျန်ရှိတော့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေ ထားရှိတဲ့ ခွန်လုံရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သုံ့ပန်း ၇ ယောက် သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013