အမေရိကန်နိုင်ငံပြည်ထောင်စု၊ ကာလီဖိုးနီးယားပြည်နယ်မှာ လော့အိန်ဂျယ်လိစ်တောမီးကြောင့် လူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်း ခဲ့ရပါတယ်။
တောမီးဟာ ၁၀ ဧက ကနေ နာရီပိုင်းအတွင်း ဧက ၂၉၀၀ ကျော်အထိ ပြန့်နှံ့ခဲ့တယ်လို့ လော့အိန်ဂျယ်လိစ်အရေးပေါ်အဖွဲ့က ကြေညာထားပါတယ်။
ဆန်တာမိုနီကာနဲ့ မာလီဘူးမြို့ကြားမှာ မီးလောင်မှုဧက ပိုများခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လော့အိန်ဂျယ်လိစ်မှာရှိတဲ့ အဆောက်အဦး ၁၃၀၀၀ မီးဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရကြောင်း မီးသတ်ဌာနအကြီးအကဲက ပြောပါတယ်။
တောမီးဟာ လေပြင်းတိုက်ခိုက်မှုနဲ့ ရာသီဥတု ခြောက်သွေ့မှုကြောင့် မီးပျံ့နှံ့မှု ကြီးမားခဲ့တာပါ။ တောမီးလောင်ချိန် လေတိုက်နှုန်းကလည်း ၁ နာရီ ၂၅ မိုင်နှုန်းကနေ မိုင် ၄၀ နှုန်းအထိ မြင့်တက်ခဲ့လို့ မီးကူးစက်မှု လွယ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်အထိတော့ မီးဘေးကြောင့် ဒဏ်ရာရသူမရှိသေးကြောင်း လော့အိန်ဂျယ်လိစ် မီးသတ်တပ်ဖွဲ့ အကြီးအကဲ ခရိုလေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မီးသတ်အဖွဲ့တွေက ပင်လယ်ရေကို ခပ်ပြီး မီးငြိမ်းသတ်မှုတွေ ပြုလုပ်တာလည်း တွေ့ရပါတယ်။ ဒါ့အပြင် လမ်းပေါ်မှာ စွန့်ပစ်ကားတွေနဲ့ ပိတ်ဆို့နေတာကြောင့် ဘူဒိုဇာတွေအသုံးပြုပြီး လမ်းရှင်းမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
မီးမလောင်မီက အမျိုးသားမိုးလေဝသဌာနက မီးဘေးအန္တရာယ်သတိပေးမှု ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီဒေသမှာ မိုးမရွာမှုနဲ့အတူ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မီးလောင်မှုပိုပြီး ဆိုးရွားခဲ့တာဖြစ်ပါတယ်။
လော့အိန်ဂျယ်လိစ်မြို့တော်ဝန် နယူဆွမ်ကတော့ အရေးပေါ်အခြေအနေကြေညာထားပြီး ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ မီးသတ်ကားတွေ၊ မီးသတ်လေယာဉ်တွေ အသင့်ပြင်ထားဖို့ ပြောပါတယ်။
Source-Reuters