အီကွေဒေါနိုင်ငံမှာ သမိုင်းဝင် မိုးခေါင်ရေရှား ဖြစ်နေချိန်မှာပဲ တောမီးတွေကလည်း ဒေသကို ဝန်းရံ လောင်ကျွမ်းမှု ထပ်ဖြစ်ပွားခဲ့တာကြောင့် စက်တင်ဘာ ၂၅ ရက်မှာ ကီးတိုမြို့တော်ဝန် ပါဘယ်လ်မူနော့ဇ်က အီကွေဒေါမြို့တော်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
မြို့တော်ဝန် မူနော့ဇ်ဟာ မြို့တော်အရေးပေါ်ကော်မတီ (COE) နဲ့အတူ မြို့တော်အဆင့် အရေးပေါ် အခြေအနေကို ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ မီးလောင်မှု ပြင်းထန်ပေမဲ့ မြို့တော်ရဲ့ စွမ်းဆောင်ရည်ကို မကျော်လွန်နိုင်ဘူးလို့လည်း ဆိုပါတယ်။
ဒါပေမဲ့ အရေးပေါ်အခြေအနေကို သက်ဝင်လုပ်ဆောင်ဖို့က အရေးကြီးပြီး တချို့ပြည်နယ်တွေမှာ မိုးခေါင်မှုကြောင့် အစိုးရက အနီရောင်အဆင့် သတိပေးချက် အမြင့်ဆုံး ထုတ်ပြန်ထားတယ်လို့လည်း ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် ဘယ်လာဗစ်စ်တာ၊ ဘာရီယို ဘိုလာနော့စ်နဲ့ ဂွါပူလိုရပ်ကွက်တွေမှာ တချို့နေရာ အစိတ်အပိုင်းတွေ အပြင်းထန်ဆုံး ထိခိုက်ခံခဲ့ရပြီး နေအိမ်တွေ၊ ပိုင်ဆိုင်မှုပစ္စည်းတွေနဲ့ တိရစ္ဆာန်တွေကို ဆုံးရှုံးခဲ့ရပါတယ်။
ဒေသခံမီဒီယာတွေ အဆိုအရ မိသားစုပေါင်း ၁၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကြီးမားတဲ့ တောမီးကြောင့် ထိခိုက်ခံစားရတဲ့ ဒေသခံတွေနဲ့ မီးသတ်တပ်ဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့က ကီးတိုမှာ မီးလောင်ကျွမ်းမှုကို ဆက်လက် ငြှိမ်းသတ်နေပါတယ်။
မူနော့ဇ်ရဲ့အဆိုအရ ၂၀၂၄ ခုနှစ် ဇွန်လကတည်းက ကီးတိုမှာ တောမီးလောင်ကျွမ်းမှုကြောင့် ဟက်တာ ၂,၀၀၀ လောက် ထိခိုက်ခဲ့ပါတယ်။
အီကွေဒေါနိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် ရေအားလျှပ်စစ်ကို မှီခိုနေရတဲ့နိုင်ငံမှာ စွမ်းအင်အကျပ်အတည်းထဲ ကျဆင်းခဲ့ရပြီး ရေလှောင်ကန်တွေမှာ လှောင်ရေတွေ လျော့နည်း ခန်းခြောက်လာတာကြောင့် ရေအားလျှပ်စစ်ဆည်တွေဟာ အလုပ်လုပ်လို့ မရပါဘူး။
နိုင်ငံရဲ့ စွမ်းအင်ဝန်ကြီးဟာ စက်တင်ဘာ ၂၃ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၂ နာရီကြာ ဓာတ်အားဖြတ်တောက်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံရဲ့ ခြောက်သွေ့ရာသီဟာ ၂ လ စောပြီး စတင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
Source-Reuters