Home
နိုင်ငံတကာ
အီကွေဒေါ၌ မိုးခေါင်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှု ထိခိုက်သဖြင့် ညဘက် လျှပ်စစ်မီး ဖြတ်မည်
DVB
·
September 19, 2024
Photo - REUTERS/Bing Guan

အီကွေဒေါနိုင်ငံမှာ ဆိုးဆိုးရွားရွား မိုးခေါင်လို့ ဆည်တွေမှာ ရေမျက်နှာပြင် နိမ့်ကျပြီး ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံလုပ်ငန်းတွေ ထိခိုက်မှုရှိခဲ့ပါတယ်။

ဒါကြောင့် အီကွေဒေါအစိုးရက လာမယ့် သီတင်းပတ်ကစပြီး နိုင်ငံတဝန်း ညဘက် ၈ နာရီကြာ လျှပ်စစ်မီး ဖြတ်တောက်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့အပြီး စက်တင်ဘာ ၁၇ ရက်မှာ စစ်တပ်က အဓိက ဆည်မှာ ထောက်ပံ့မှုဆိုင်ရာလုပ်ငန်းစတင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆၁ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကို ရင်ဆိုင်နေရတဲ့ အီကွေဒေါမှာ အစိုးရက လက်ရှိ ရေကာတာတွေနဲ့ ကန်ထရိုက်တွေကို ပြုပြင်ထိန်းသိမ်းမှုမရှိလို့ လျှပ်စစ်ဓာတ်အား အကျပ်အတည်းက အမြစ်တွယ်နေတာလို့ အစိုးရက ပြောပါတယ်။

အစီအစဉ်အရ စက်တင်ဘာ ၂၃ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီက စပြီး မနက် ၆ နာရီအထိ ဓာတ်အားပြတ်တောက်မယ်လို့ အစိုးရက X လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

ဒီအတိုင်း အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ထပ်ခါတလဲလဲ ဆောင်ရွက်မယ်လို့လည်း ထပ်ပြောပါတယ်။

အစိုးရက အကျပ်အတည်းကို ရင်ဆိုင်ဖို့ ဓာတ်အားပေးသင်္ဘောတစ်စီးကို တာဝန်ပေးတာ၊ မြေယာပေါ်မှာ အမြဲတမ်း မီးစက်တွေ တည်ဆောက်တာနဲ့ စွန့်ပစ်ထားတဲ့ အခြေခံ အဆောက်အအုံတွေ ပိုကောင်းလာအောင် လုပ်တာတို့အပါအဝင် အစီအမံ အများကြီးလုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

အင်္ဂါနေ့မှာတော့ အီကွေဒေါစစ်တပ်က ဝန်ထမ်းတွေဟာ စက်ရုံကို ကာကွယ်ဖို့နဲ့ လုပ်ငန်းလည်ပတ်မှုကို ပံ့ပိုးဖို့ လျှပ်စစ်ဓာတ်အား ၁၇၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီး အကြီးစား သိုလှောင်နိုင်စွမ်းရှိတဲ့ မာဇားဆည်အတွင်းထဲကို ဝင်ခဲ့တယ်လို့ ပြောပါတယ်။

နိုင်ငံရဲ့ ရေအားလျှပ်စစ်စနစ်ကို စီမံခန့်ခွဲဖို့ နည်းပညာဆိုင်ရာ ဗဟုသုတရှိတဲ့ စစ်သား အယောက် ၅၀ လောက်ကို လေ့ကျင့်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013