Home
နိုင်ငံတကာ
ဆိုးရွားပြင်းထန်  မိုးခေါင်မှုကြောင့် မက္ကစီကိုတွင် ငါးများ အစုလိုက်အပြုံလိုက် သေဆုံး
DVB
·
June 10, 2024
Photo - REUTERS/Jose Luis Gonzalez

မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ချီဟွာဟွာပြည်နယ်က ရေကန်တကန်ရဲ့ မျက်နှာပြင်ကို ထောင်ချီတဲ့ ငါးအသေတွေက ဖုံးလွှမ်းနေပြီး မိုးခေါင်မှု ပြင်းထန်လို့ဖြစ်တာလို့ ဒေသန္တရ တာဝန်ရှိသူတွေက ပြောပါတယ်။

ချီဟွာဟွာပြည်နယ် အန်နာဝှက်မြို့နားက ဘူစတီလိုကန်မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပြီး အချိန်အကြာကြီး ခြောက်သွေ့နေလို့ ငါးတွေ သေဆုံးခဲ့ပါတယ်။

ရေကန်ရဲ့ ရေမျက်နှာပြင်ဟာ အန္တရာယ်ရှိနိုင်လောက်အောင် နည်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မိုးခေါင်ရေရှားတဲ့ပုံစံ တချို့ဟာ မက္ကဆီကိုနိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးကို ဒုက္ခပေးနေပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်တယ်လို့ အစိုးရ သတင်းအချက်အလက်တွေက ဆိုပါတယ်။

ချီဟွာဟွာပြည်နယ်ရဲ့ နယ်မြေအများစုဟာ ခြောက်သွေ့မှု အပြင်းထန်ဆုံးအဆင့်နဲ့ လွှမ်းခြုံ ဒဏ်ခတ်တာ ခံခဲ့ရပါတယ်။

မီးဖုတ်ထားသလိုပူတဲ့ နေရောင်အောက်မှာ ငါးပုပ်တွေက အင်းဆက်ပိုးမွှားတွေကို ဆွဲဆောင်ပြီး ရောဂါပြန့်ပွားနိုင်လို့ အများပြည်သူကျန်းမာရေးကို ထိခိုက်မှာ စိုးတဲ့အတွက် ရေကန်ထဲက ငါးအသေတွေကို ထုံးနဲ့ဖုံးထားဖို့ ဒေသန္တရ အာဏာပိုင်တွေက အပြေးအလွှား ကြိုးစားနေပါတယ်။

ဆည်တွေရဲ့ ရေမျက်နှာပြင်တွေ နိမ့်ကျနေပြီး လယ်သမားတွေက ရေရဖို့ ရုန်းကန်နေရလို့ နွားနဲ့ မြည်းတွေအပါအဝင် တိရစ္ဆာန်တွေလည်း သေဆုံးနေကြပါတယ်။

အပူဒဏ်နဲ့ မိုးခေါင်မှုတို့ အလွန်ပြင်းထန်လာလို့ စိုက်ပျိုးရေးကို မှီခိုအားထားနေရတဲ့ လူအများအပြားလည်း ဒေသထဲကနေ ထွက်ခွာသွားခဲ့ရပါတယ်။

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013