ဧရာဝတီတိုင်းမှာ ကုန်စည်သယ်ယူတင်ပို့ရတာ ကျဆင်းလာတာကြောင့် ကုန်တင်ကုန်ချ လုပ်သား အယောက် ၈၀၀ ထက်မနည်း အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ အလုပ်သမားခေါင်းဆောင်တွေဆီက သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ဧပြီလကနေ လက်ရှိအချိန်အထိ အကြောင်းအမျိုးမျိုးကြောင့် ကုန်စည်စီးဆင်းမှု ကျဆင်းနေတဲ့အတွက် ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေတာလို့ ဆိုပါတယ်။
အလုပ်သမားခေါင်းဆောင် တယောက်က “စစ်တပ် အာဏာသိမ်းပြီးကတည်းက ကုန်စည်းစီးဆင်းမှု ကျဆင်းလာတာ။ တဖြည်းဖြည်းနဲ့ ပိုပိုဆိုးလာတယ်။ လက်ရှိတော့ ပိုဆိုးသွားတဲ့ အခြေအနေပါ့။ ရန်ကုန်နဲ့ နေပြည်တော်ဘက်ကို ကုန်စည်တင်ပို့ သယ်ယူရတာတွေ လျော့ကျနေသလို ရခိုင်ဘက်ကိုက လုံးဝသယ်ယူ တင်ပို့ခွင့် မရေတာ့ အလုပ်လက်မဲ့ဦးရေ များလာတာပေါ့” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ မြန်အောင်၊ လပွတ္တာ၊ ကျုံပျော်၊ ကျုံမငေး၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဝါးခယ်မ၊ ပန်းတနော် စတဲ့ မြို့နယ်တို့ကနေ ရန်ကုန်၊ ဒလ၊ တွံတေး၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်ဘက်ကို ကုန်စည်စီးဆင်းမှုတွေ ကျဆင်းနေတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းက ကုန်သည်တယောက်က “ဧရာဝတီဘက်က စိုက်ပျိုးရေးထွက်ကုန်နဲ့ ရေထွက်ကုန်တွေကို တခြားဒေသတွေကို ပို့ခဲ့တယ်။ အခု တင်ပို့ရတာ အဆမတန် ကျဆင်းနေတယ်။ ဟိုဘက်က စစ်ကိုင်းတိုင်းဘက်ကို ကြက်သွန်တွေ ဧရာဝတီတိုင်းထဲ ဝင်တယ်၊ အရင်ကပေါ့။ အခု အရင်လို မဝင်ဘူး။ ဟိုဘက်မှာ စစ်ဖြစ်နေတာကို။ အခု ဧရာဝတီမှာ ကြက်သွန်ဈေးက ခေါင်းခိုက်နေတယ်။ အဲဒါကြောင့် ကုန်တင်ကုန်ချ လုပ်သားတွေကို တိုက်ရိုက်ထိခိုက်တယ်လေ၊ ကုန်စည်စီးဆင်းမှုက မရှိတာ။ ရခိုင်ဘက်ကိုလည်း ၂ လကျော်ပြီ သယ်ယူခွင့် ကန့်သတ်ထားတာ” လို့ ပြောပါတယ်။
အဲဒီလို ဧရာဝတီတိုင်းကနေ အခြားဒေသတွေကို ကုန်စည်စီးဆင်းမှု ကျဆင်းလာတာကြောင့် ကုန်တင်ကုန်ချလုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်လာတဲ့အတွက် သူတို့ကို မှီခိုနေတဲ့ အနောက်က မိသားစုတွေ လတ်တလော စားဝတ်နေရေးအခက်အခဲတွေ ကြုံလာရတဲ့အပြင် ကလေးတွေရဲ့ ပညာရေးပါ ထိခိုက်လာတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းကနေ အရင်က ဆန်၊ စပါး၊ ဆန်ကွဲ၊ ဆီ၊ ငါးအမျိုးမျိုး၊ ငါးခြောက်အမျိုးအမျိုး၊ ငါးရှဉ့်၊ ကွမ်းသီး၊ ဘိလပ်မြေအိတ်တွေ၊ ဓာတ်မြေသြဇာအိတ်တွေ၊ တိရစ္ဆာန်အစာနဲ့ တခြား လူသုံးကုန်ပစ္စည်းတွေကို အများဆုံး သယ်ယူပို့ဆောင်ခဲ့ရတာလို့ ဆိုပါတယ်။