ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇွန် ၈ ရက်နေ့ညက မိုးသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် မြို့တွင်း ကားလမ်း အိမ်ခြံဝင်းတွေမှာ ရေကြီးသွားတယ်လို့ မြဝတီမြို့ခံတွေက ဇွန် ၉ ရက် ဒီမနက်မှာ ပြောပါတယ်။
မြို့တွင်းမှာ အဓိကကျတဲ့ ဆေးရုံရှေ့ဘက် ‘အာရှလမ်း ကြိုဆိုပါ၏’နဲ့ ရပ်ကွက် ၅ ဘက် မြေနီကုန်းတွေမှာ ကား၊ ဆိုင်ကယ်တွေ မသွားလာကြဖို့ မြဝတီမြို့ခံတချို့က သတိပေး တိုက်တွန်းထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှာ အိမ်ခြံမြေ တိုးချဲ့တာ၊ အမှိုက်တွေကို သီးခြားစနစ်တကျ မထားတာနဲ့ ရေမြောင်းတွေကို စနစ်တကျ ဆောင်ရွက်မထားတဲ့ မြို့တွင်း စည်ပင်သာယာရေးအဖွဲ့ အားနည်းချက်ကြောင့် မိုးသည်းသည်းထန်ထန်ရွာသွန်းရင် မကြာခဏရေကြီးပြီး ပြည်သူတွေ သွားလာရေး ခက်ခဲရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ဦးသန်းဆွေ စည်ပင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်တုန်းကတော့ ရပ်ကွက်မြို့တွင်း ရေကြီးမှုတွေကိုကာကွယ်ဖို့ အချိန်မီ ဆောင်ရွက်ပေးခဲ့တာတွေ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်း ရေကြီးမှုပြဿနာတွေကို ဖြေရှင်းဆောင်ရွက်တာ မရှိသလောက်ပဲလို့ ဒေသခံတွေက ဆိုပါတယ်။