ရန်ကုန်မြို့မှာ ပြည်သူတွေ စားအုန်းဆီကို တိုးဝှေ့တန်းစီ ဝယ်ယူရတာမျိုးမဖြစ်အောင် လုပ်ဖို့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် စားအုန်းဆီ ဖြန့်ဖြူး ရောင်းချနိုင်ရေး လုပ်ငန်းအစည်းအဝေးမှာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို သူက မှာကြားခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေ တိုးဝှေ့တန်းစီ ဝယ်ယူနေရမျိုး မဖြစ်ရလေအောင်နဲ့ မိမိမြို့နယ်အတွင်း စာအုန်းဆီ ရောင်းချရာမှာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချနိုင်ရေး တာဝန်ရှိအဖွဲ့အစည်းတွေ၊ စစ်ဆေးကြပ်မတ်မယ့် အဖွဲ့အစည်းတွေက အားလုံးတိုင်ပင်ညှိနှိုင်းပြီး စနစ်တကျဖြစ်အောင် ကြိုးစား ဆောင်ရွက်ပေးကြဖို့ မှာကြားခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လက်ရှိမှာ စားအုန်းဆီရှားပါးမှုကြောင့် ဆီကိုယ်စားလှယ်အရောင်းဆိုင်တွေမှာ တန်းစီ စောင့်ဆိုင်း ဝယ်ယူရတာတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတချို့က ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “ဒီအတိုင်း သွားဝယ်မရတော့ ရတဲ့ဆီ တန်းစီ စောင့်ဝယ်ရတာပဲလေ။ ဒါတောင် အရင်ရောင်းပေးနေကျ ဆိုင်တချို့က အရောင်းရပ်ထားကြလို့ ဝယ်ရပိုခက်နေတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စားအုန်းဆီ ဝယ်ယူခွင့်ကတ်ပြားကို ရပ်ကွက်ရုံးမှာ သွားထုတ်ရပြီး အဲဒီကတ်နဲ့ ဝယ်လို့ရတဲ့ နေရာဆီ သွားရောက်စောင့်ဆိုင်းဝယ်ရတာမျိုး ရှိနေတယ်လို့လည်း ပြည်သူတချို့က ဆိုပါတယ်။
ဒါ့အပြင် ဆီအရောင်းကိုယ်စားလှယ်တချို့အနေနဲ့ အရင်လို ခွဲတမ်းပုံမှန်မရတာကြောင့် အရောင်းရပ်တာ၊ ကိုယ်စားလှယ်လွှဲပြောင်းတာမျိုးတွေ ဖြစ်လာတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
ဆီအရောင်းဆိုင်ဖွင့်ထားသူတယောက်က “ခွဲတမ်းကလည်း ပေးချင်သလိုပေးနေတာ၊ ဆီက လက်ဝါးကြီး အုပ်ထားသူတွေ လက်ထဲမှာချည်းပဲ။ ဒီကြားထဲ ဌာနဆိုင်ရာတွေက အောက်ခြေ ကိုယ်စားလှယ်တွေကိုပဲ လာလာပြဿနာရှာနေတော့ စိတ်ပျက်ပြီး အရောင်းရပ်လိုက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဆီအရောင်းကိုယ်စားလှယ်ဆိုင်တွေက ပြည်သူတယောက်ကို ဆီ ၅၀ ကျပ်သား ရောင်းချပေးနေပြီး ဒီရက်ပိုင်းအတွင်း ရောင်းချပေးရမယ့် မူအပြောင်းအလဲ ရှိလာနိုင်တယ်လို့လည်း အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
လက်ရှိ စားအုန်းဆီဈေး တပိဿာကို ၁၃,၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး အပြင်ဈေးကွက်မှာ ပဲရောဆီအနေနဲ့ ဈေးအမျိုးမျိုး သတ်မှတ်ရောင်းချမှုတွေ ရှိနေတယ်လို့လည်း ဈေးကွက်ကနေ စုံစမ်းသိရပါတယ်။