Home
မြန်မာသတင်း
ဧရာဝတီတိုင်းထွက် ဆား ၁ ပိဿာ ကျပ် ၁၇၀ ဈေးပေါက်သဖြင့် အရှုံးပေါ်
DVB
·
June 9, 2024
Photo - သူရ၊ ပေးပို့

ဧရာဝတီတိုင်းကထွက်တဲ့ နေလှန်းဆားတွေ တပိဿာကို ကျပ် ၁၇၀ ဈေးပဲပေါက်နေလို့ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ယှဉ်ရင် အရှုံးပေါ်နေတယ်လို့ ဆားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ငပုတောမြို့နယ်က ကျေးရွာ ၂၂ ရွာကျော်နဲ့ လပွတ္တာမြို့နယ်က ကျေးရွာ ၂၁ ရွာမှာ ဆားလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတာဖြစ်ပြီး နေလှန်းဆားလုပ်ငန်းဟာ မိရိုးဖလာ အလုပ်တခု ဖြစ်တာကြောင့် အရှုံးခံပြီး လုပ်ကိုင်နေခဲ့ပေမယ့် ထပ်ပြီးအရှုံးမခံနိုင်တော့လို့ လုပ်ငန်းရှင်တချို့ ရပ်နားသွားကြတယ်လို့ လပွတ္တာမြို့နယ်က ဆားလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

“ကျန်ခဲ့တဲ့နှစ်က ဆားဈေးကျလို့ ရှုံးတယ်။ အခုလည်း ဆားဈေး ကျနေတုန်းပဲ။ ကျပ် ၁၇၀ ပဲ ရှိတယ်။ ထုတ်လုပ်မှုစရိတ်အောက် ရောက်ပါတယ်။ ဒုတိယ စိန်ခေါ်မှုက ရင်းနှီးမြှုပ်နှံမှုရဲ့ ငွေကြေးပမာဏပေါ့။ တော်တော်စိုက်ထုတ်ပြီး လုပ်ရတာပေါ့။ ကိုယ့်ထုတ်စရာ အရင်းအနှီး မရှိသူတွေဆို ဟိုကရှာ၊ ဒီကရှာ လုပ်ရပါတယ်။ အချိန်ကျရင် ထလုပ်ကြတာပဲ၊ ရှုံးရှုံး မြတ်မြတ်ပေါ့။ မိရိုးဖလာ လုပ်လာတာဆိုတော့ လုပ်ချင်နေရတာ။ တွက်ခြေမကိုက်လို့ တဦးစ၊ နှစ်ဦးစ မလုပ်တာတော့ ရှိတယ်။ ငွေကြေးအခက်အခဲကြောင့် ဒီလိုပဲ ယာယီနားလိုက်တာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဒီနှစ် ဆားရာသီအစကနေ လက်ရှိအချိန်အထိ ဆားကွင်းတွေမှာ အချိန်အခါမဟုတ် မိုးမိတာ၊ လုပ်သားခ ဈေးတက်လာတာ၊ စက်သုံးဆီ ဈေးတက်လာတာ၊ ဆားဝယ်လက်တွေ လျော့သွားတာ၊ ပြည်ပဆားဈေးကွက်ကို မတင်ပို့နိုင်တာ၊ ဆားကွင်းတွေမှာ လူစုလူဝေး လုပ်ခွင့်မပေးတာ စတဲ့အကြောင်းအရင်းတွေနဲ့ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ခံရတာကြောင့် အရှုံးပေါ်  အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ်က နေလှန်းဆား လုပ်ငန်းရှင်တယောက်က “နေလှန်းဆားဖြစ်လို့ ရာသီဥတုနဲ့ချိန်ပြီး ခန့်မှန်းလုပ်ကိုင်ရတာပါ။ ဒီနှစ် ဆားသမားအများစု ဒီနှစ် ရာသီဥတုဒဏ်ကို အတော်ခံခဲ့ရတယ်။ ဆားလုပ်ဖို့အတွက် လိုအပ်တဲ့ စက်သုံးဆီဈေးကလည်း အဆမတန် ထိုးတက်နေတာ တခါမှကို မကျခဲ့ဘူးလေ။ အဲဒီတော့ ဆားဈေးက ထုတ်လုပ်မှု ကုန်ကျစရိတ်အောက်ရောက်ရင် သူတို့ ရှုံးတာပဲ။ တပိဿာကို ၃၀၀ လောက် ရရင်ဆို မဆိုးဘူးပါဘူး” လို့ ပြောပါတယ်။

ဆားကို အဓိကဝယ်ယူအသုံးပြုတဲ့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းတွေဘက်ကလည်း သူတို့ လုပ်ငန်းတွေမှာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်တပ်အာဏာသိမ်းတဲ့ ဖြစ်စဉ်တွေကြောင့် ထိခိုက်နေလို့ လုပ်ငန်းတွေ မလည်ပတ်နိုင်တာကြောင့် အရင်ကလောက် အသုံးမပြုတော့ဘူးလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိလာတဲ့ နေလှန်းဆားတွေကို အရင်နှစ်တွေက နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ် အသီးသီးကို တင်ပို့ရောင်းချသလို ပြည်ပဈေးကွက်ကိုလည်း တင်ပို့ရောင်းချတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013