Home
မြန်မာသတင်း
နွားထိုးကြီးတွင် စစ်ကြောင်း မိုင်းခွဲခံရပြီး ၇ ဦးသေ၊ စလင်းတွင် အရာရှိအပါအဝင် ၄ ဦးသေ
DVB
·
June 9, 2024
MinBuuPDF_09062024
NaHtoeGyiMineAttack_09062024

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၉ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရပြီး မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်း ၃ ရက်ဆက် တိုက်ခိုက်ခံရလို့ စစ်ကြောင်းမှူးအပါအဝင် ၄ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းကျေးရွာက နေအိမ်တွေကို မီးရှို့ပြီးထွက်လာတဲ့စစ်ကား ၂ စီးကို ဇွန် ၇ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၉ ယောက် သေဆုံးပြီး ၇ ယောက် အပြင်းအထန်ဒဏ်ရာရသွားကြတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီကနေ သိရပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲ့ တာဝန်ရှိသူတယောက်က “ခွေးသူခိုးတွေက ဖောင်ချဉ်းရွာက အိမ်တွေထဲက ပစ္စည်းတွေခိုးယူပြီး ရွာကိုမီးရှို့တယ်။ ရွာထဲမှာ ခွေးနည်းနည်းပဲ ချန်ထားခဲ့ပြီး ၇၀ လောက်က ကား ၂ စီးနဲ့ မြို့သာဘက်ကိုထွက်လာတော့ လမ်းကနေစောင့်ပြီး ပဒေသာမိုင်း ၇ လုံး၊ ရှေ့ထွက်မိုင်း ၁ လုံး ဆွဲလိုက်တာ မိုင်းကွင်းအလယ်တည့်တည့်ရောက်လာကားကို အပီအပြင်ထိပြီး ခွေး ၉ ကောင်သေတယ်။ ၇ ကောင်က အပြင်းအထန်ဒဏ်ရာရသွားတယ်။ ဒဏ်ရာရတဲ့ခွေးတွေကို မြို့သာဆေးရုံမှာ ဆေးကုနေတယ်လို့ မြေပြင်အဖွဲ့ဆီကနေ သတင်းပို့ထားပါတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်သားတွေဟာ နွားထိုးကြီးမြို့နယ်ထဲက နဘူးတောတောင်ကျေးရွာ၊ နဘူးတောမြောက်ကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ ဖောင်ချဉ်းကျေးရွာတို့က ဒေသခံ ပြည်သူတွေရဲ့ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး နေအိမ်တွေကိုမီးရှို့ခဲ့ကြသူတွေဖြစ်တယ်လို့ သိရပါတယ်။

နဂါးနီပြောက်ကျားတပ်ဖွဲ့ရဲ့ ရဲဘော်တယောက်က “ဖောင်ချဉ်း​ရွာမှာကျန်နေခဲ့တဲ့ခွေးတွေက ဖောင်ချဉ်းရွာနဲ့ ဆူးဖြူကုန်းရွာတွေထဲ ဝင်မွှေနေတယ်။ သေနတ်ဖောက်တဲ့ အသံတွေလည်း ကြားနေရတယ်” လို့ ပြောပါတယ်။

ဇွန် ၆ ရက်နေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့လို့ ရွာကြီးတရွာဖြစ်တဲ့ ဖောင်ချဉ်း​ကျေးရွာက အိမ်ခြေရာဂဏန်းနီးပါး၊ မကျည်းကုန်းကျေးရွာက အိမ်ခြေ ၃၅ လုံးနီးပါးနဲ့ နဘူးတောကျေးရွာက အိမ်ခြေ ၁၇ လုံးနီးပါး မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဇွန် ၅ ရက်နေ့ကနေ ၇ ရက်နေ့ အထိ ၃ ရက်ဆက် တိုက်ခိုက်ခဲ့လို့ စစ်ကြောင်းမှူးအပါအဝင် ၄ ယောက် သေဆုံးခဲ့​တယ်လို့ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းဆီကနေ သိရပါတယ်။

တပ်ရင်းတာဝန်ခံတယောက်က “ခွေးအကောင်ရေ ၈၀ နီးပါးနဲ့ လင်းဇင်းရဲစခန်းကနေ ထွက်လာတဲ့စစ်ကြောင်းကို ၃ ရက်ဆက်တိုက် ဖြတ်တိုက်ခဲ့တာ စစ်ကြောင်းမှူးအပါအဝင် အရာရှိ ၃ ကောင် သေတယ်။ ၁၀ ကောင်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ တပ်တွင်းဖရဲသီးဆီကနေ သိရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ၃ ရက်ဆက်တိုက် ဖြတ်တိုက်ခံရတဲ့အတွက် အထိနာပြီး နောက်ကြောင်းပြန်ဆုတ်သွားခဲ့ပါတယ်။

မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်းရဲ့ ​ပြောရေးဆိုခွင့်ရှိသူတယောက်က “ခွေးစစ်ကြောင်းက လာတုန်းက ခြေလျင်လာတာ။ သေတဲ့သူနဲ့ ဒဏ်ရာရတဲ့ကောင်တွေများတော့ ပြန်ဆုတ်တာကို ကားနဲ့ကြိုသွားတယ်။ ဒဏ်ရာရတဲ့ခွေးတွေကို ဆေးရုံတင်ထားတယ်လို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနဲ့ ၃ ရက်ကြာတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ အထိအခိုက်မရှိဘဲ အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅ တပ်ရင်း၊ စလင်း ပကဖ၊ ဒေါင်းစစ်အောင်၊ SLN LPDF၊ မကွေးခရိုင် တပ်ရင်း ၁၊ မကွေးတိုင်းလက်ရုံးဒရုန်းအဖွဲ့ တို့နဲ့အတူ မိုးကြိုးပြောက်ကျားတပ်ရင်း ၁၀၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေရဲ့တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူး အပါအဝင် အရာရှိ ၃ ယောက် သေဆုံးတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကနေ သိရပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီ ဘက်ကလည်း တစုံတရာထုတ်ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013