အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာ တိုက်ပွဲဖြစ်နေတဲ့ကြားထဲကပဲ ဇွန် ၈ ရက်က ဓားစာခံ ၄ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က နိုဗာ ဂီတပွဲတော်ကနေ ပြန်ပေးဆွဲခံခဲ့ရတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို နူဆေရတ်မြို့လယ်ရှိ သီးခြားနေရာ ၂ ခုကနေ ကယ်တင်နိုင်ခဲ့တာဖြစ်ပြီး သူတို့တွေကို ဆေးစစ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီက ပြောပါတယ်။
ဂါဇာရှိ ဟားမတ်စ် ဖမ်းဆီးသူတွေ လက်ထဲကနေ ဓားစာခံတွေကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တဲ့ အထူးစစ်ဆင်ရေးမှာ အစ္စရေးတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ကြောင်းလည်း ဟာဂါရီက ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ရက်သတ္တပတ်တွေအတွင်း စီစဉ်ခဲ့ရပြီး ရဲအရာရှိတဦး ဆိုးဆိုးရွားရွား ဒဏ်ရာရရှိခဲ့ကြောင်း ဟာဂါရီက ဆိုပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ အလ်-နူဆေရတ် ရပ်ကွက်ရှိ အိမ် ၂ အိမ်မှာ ဓားစာခံတွေကို ထိန်းသိမ်းထားတာဖြစ်တယ်လို့ ဟာဂါရီရဲ့ ပြောကြားချက်အရ သိရပါတယ်။
ပြန်လွတ်မြောက်လာသူတွေဟာ အသက် ၂၅၊ ၂၁၊ ၂၇ နဲ့ ၄၀ နှစ်တွေ ဖြစ်ကြပြီး အခုတော့ ဆေးရုံမှာ တချို့မိသားစုတွေ ပြန်ဆုံနေကြပြီ ဖြစ်ပါတယ်။
Source - Reuters