မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ဖောင်ချဉ်းကျေးရွာကို ဇွန် ၈ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးထပ်ရှို့ခဲ့ပြီး မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်း အုန်းတော တောင်ရွာစုကျေးရွာကိုလည်း ဇွန် ၈ ရက် ညနေပိုင်းမှာ စစ်တပ်က မီးရှို့ခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဖောင်ချဉ်းရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ အမျိုးသမီးတယောက်က “ပြီးခဲ့တဲ့ ၂ ရက်ကျော်က မီးရှို့လို့ ရွာကလူတွေ ထွက်ပြေးကြရပြီ။ စစ်တပ်က သေခြင်းဆိုးတွေပဲ၊ အခုလည်း ထပ်ရှို့ပြန်ပြီ။ ရွာကလူတွေလည်း ရွာကို မပြန်ရဲကြဘူး။ ရွာမပြန်ရဲလို့ ထွက်ပြေးနေရပါတယ်ဆိုမှ ဘယ်နှအိမ်လောင်လို့ ဘယ်နှအိမ်ကျန်မှန်း မသိဘူးလေ။ နှစ်ခါ အရှို့ခံရတာဆိုတော့ ပြောင်သလောက်နီးနီး ဖြစ်သွားလောက်ပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဖောင်ချဉ်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇွန် ၆ ရက်နေ့မှာ တကြိမ်မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာဖြစ်ပြီး အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “တိုက်ပွဲဖြစ်တာက ဆူးဖြူကုန်းရွာမှာ။ ခွေးတွေဘက်က အထိနာလို့ ပြန်ဆုတ်သွားပြီး ဖောင်ချဉ်းရွာကို ဝင်ပြီး မီးထပ်ရှို့သွားတာ။ ခွေးတွေဘက်က သေဆုံးဒဏ်ရာရတာတော့ မသိရသေးဘူး။ တိုက်ပွဲက ဆက်ရှိနေတုန်းပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့က ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူများတဲ့အတွက် ပြန်လည်ဆုတ်ခွာသွားကြပြီး ဖောင်ချဉ်းကျေးရွာ၊ အကျည်းကုန်းကျေးရွာ၊ နဘူးတောတောင်ကျေးရွာနဲ့ နဘူးတောမြောက်ကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးသွားကြလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာကြရတယ်လို့ သိရပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဆူးဖြူကုန်းကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဇွန် ၈ ရက်နေ့ မနက်ပိုင်းကတည်းက ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ပိုင်းမှာလည်း အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ အုန်းတောတောင်ရွာစုကျေးရွာကို ဇွန် ၈ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ရွာကို စစ်တပ်က ဖေဖော်ဝါရီလကတည်းက စစ်တပ်က ရွာမှာ အထိုင်ချနေတယ်။ သူတို့ အထိုင်ချနေပြီးချိန်ကစလို့ ကျနော်တို့ ရွာသားတွေ ကျေးရွာထဲ မနေရဲဘဲ ထွက်ပြေးနေရတယ်။ ဒီနေ့မှာလည်း ရွာထဲမှာ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရွာထဲကအိမ်တွေကို မီးရှို့နေတယ်။ ဘယ်နှအိမ် လောင်မလဲတော့ မသိဘူး။ မီးခိုးတွေကတော့ ရွာထဲကနေ မဲမှောင်နေအောင် ကောင်းကင်တက်နေတာ အဝေးကနေ မြင်နေရတယ်” လို့ ပြောပါတယ်။
အုန်းတောတောင်ရွာစုကျေးရွာကို စစ်တပ်က မီးရှို့ခဲ့တာဟာ ဒါနဲ့ဆိုရင် ၇ ကြိမ်ရှိပြီဖြစ်ပြီး အိမ် ၁၀၀ လောက် မီးလောင်ဆုံးရှုံးသွားပြီလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “အဲဒီရွာက သူတို့ ထင်သလို လုပ်နေကြတာပါ။ တိုက်ပွဲမဖြစ်လည်း ရှို့၊ တိုက်ပွဲဖြစ်လည်း ရှို့နေတာ။ ဒီနေ့ကတော့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲမဖြစ်ဘဲနဲ့ကို ရှို့တာ။ ရွာသားတွေကတော့ ကျနော်တို့ နိုင်သလောက် ကူညီစောင့်ရှောက်နေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပေါက်မြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေလည်း ပစ်ခတ်နေတာကြောင့် အရပ်သားတွေ မကြာခဏ သေဆုံးကြရတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။