Home
မြန်မာသတင်း
မွန်တောင်ပိုင်း တော်လှန်ရေးနယ်မြေများတွင် ငှက်ဖျားအဖြစ်များနေ
DVB
·
June 9, 2024

မွန်ပြည်နယ်တောင်ပိုင်း တော်လှန်ရေးနယ်မြေတွေက ရဲဘော်တွေ ငှက်ဖျားဖြစ်ပွားတာများနေပြီး ‌စစ်ဆင်ရေးတွေ ရပ်ထားရသလို အရေးပေါ်ဆေးဝါးနဲ့ ကာကွယ်မှု‌ဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဆီက သိရပါတယ်။

မွန်ပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေမှာရှိတဲ့ ရဲဘော် ၉၅ ရာခိုင်နှုန်းလောက်ဟာ မိုးဦးမကျခင်ကတည်းက ငှက်ဖျားဖြစ်နေကြပြီး တချို့ဆို ၂ ခါ ၃ ခါ ဖြစ်နေတယ်လို့ MSRF ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

“နောက်တန်းစခန်းမှာရော ရှေ့တန်းစခန်းမှာရော ငှက်ဖျားထိကျတယ်။ ရဲဘော်အားလုံးရဲ့ ၉၅ ရာခိုင်နှုန်းလောက်ထိ ထိတာ။ ကျနော့်တပ် တတပ်တည်း ဖြစ်တာမဟုတ်ဘူး။ အနီးအနား မွန်တောင်ပိုင်းမှာရှိတဲ့ တပ်တွေအကုန်လုံးဖြစ်တာ။ ဒီနှစ်က ငှက်ဖျားနဲ့ပတ်သက်ပြီး ကျနော်တို့ စိန်ခေါ်မှု တော်တော်ကြီးတယ်” လို့ ပြောပါတယ်။

မွန်‌ပြည်တောင်ပိုင်းမှာရှိတဲ့ တပ်ဖွဲ့တွေထဲက တပ်မှူးအပါအဝင် ရဲဘော်တွေ ငှက်ဖျား အဖြစ်များတာကြောင့် စစ်ဆင်ရေးလုပ်ငန်းတွေ ခေတ္တရပ်နားထားရတယ်လို့လည်း သိရပါတယ်။

မွန်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနနဲ့ အလှူရှင်တွေက ကူညီပေးနေပေမယ့် ငှက်ဖျားဖြစ်ပွားသူဦးရေ များတာကြောင့် အရေးပေါ်ဆေးဝါးနဲ့ ကာကွယ်မှု‌ဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့လည်း MSRF ပြန်ကြားရေးတာဝန်ခံ နိုင်နဂါးက ပြောပါတယ်။

“ဖျားတဲ့သူ‌တိုင်းကို စစ်ဖို့အတွက် ကျနော်တို့မှာ ငှက်ဖျားစစ်တံတောင် လုံလုံလောက်လောက်မရှိဘူး။ အဲဒီ ငှက်ဖျား test kit တွေကိုလည်း အများကြီး တခါတည်း မဝယ်နိုင်ဘူး။ ကျနော်တို့ကလည်း ကြိုတင်ပြင်ဆင်မှုနည်းလို့ ဆေးဝါတွေ၊ ဖျားပြီး နာလန်ပြန်ထူဖို့အတွက် အားဆေးတွေ၊ အာဟာရဖြည့်စွက်စာတွေ၊ ဓာတ်‌စာတွေ မပြည့်ဝတဲ့အခြေအနေ ရှိတယ်။ မွန်ဖက်ဒရယ်ကောင်စီက ကူညီပေးတယ် ဆိုပေမယ့် ဖြစ်တဲ့ရာခိုင်နှုန်းက အရမ်းများလို့ ဆေးတွေ တခါတည်း ဝယ်ဖို့က အခက်အခဲရှိသလို စခန်းကိုချက်ချင်းမရောက်တာလည်း ရှိတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့ထက်မနည်းရှိနေပြီး ရဲဘော်အင်အားစုစုပေါင်း ထောင်နဲ့ချီပြီးရှိနေပါတယ်။

ငှက်ဖျားရောဂါဟာ မိုးဦးကာလဖြစ်တဲ့ မေ၊ ဇွန်မှာ စတင်ဖြစ်ပွားလေ့ရှိပြီး မိုးတွင်းကာလ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာမှာ ငှက်ဖျားအဖြစ်များလေ့ရှိတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024