Home
မြန်မာသတင်း
စစ်ကိုင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု ရဟန်း ၂ ပါးအပါအဝင် ၈ ဦးခန့် သေဆုံး
DVB
·
June 9, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ သပြေသာကျေးရွာ ဘုန်းကြီးကျောင်းကို ဇွန် ၈ ရက် မနေ့မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ရဟန်းတော် ၂ ပါး အပါအဝင် ၈ ယောက်လောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံတယောက်က “လောလောဆယ် စာရင်းကောက်လို့ ရတာကတော့ ဘုန်းကြီးကျောင်းက ဦးဇင်း ၂ ပါး ပျံလွန်တော်မူပြီး ပသုံးလုံးထဲက ရဲဘော် ၄ ယောက်နဲ့  ဒေသခံပြည်သူ ​၂ ယောက် သေဆုံးသွားခဲ့ရတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ ၃၀ အထက်မှာရှိတယ်။ အကုန်လုံး ကစဉ့်ကလျားတွေ ဖြစ်ကုန်တော့ စာရင်းကောက်နေတုန်းပဲ ရှိသေးလို့ပါ” လို့ DVB ကို ပြောပါတယ်။

သပြေသာကျေးရွာဘုန်းကြီးကျောင်းမှာ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) လို့ခေါ်တဲ့ ပသုံးလုံးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ အစည်းအဝေးလုပ်နေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆေးတပ်သားတယောက်ကကလည်း “သေဆုံးသူတွေထဲမှာ တော်လှန်ရေး လုပ်ငန်းတွေကို တက်တက်ကြွကြွလုပ်ကိုင်နေပြီး ရဟန်းဝတ်နေတဲ့သားကို ဆွမ်းကပ်ဖို့ရောက်နေတဲ့ ငါန်းဇွန်မြို့က (---) တို့ ဇနီးမောင်နှံနဲ့ သူတို့သား ဦးဇင်းရော၊ ဗုံး ၂ လုံးက သူတို့နားလေး ကပ်ကျလို့ မိသားစုဝင် ၃ ဦးလုံး တရက်တည်း၊ တချိန်တည်းကျဆုံးသွားခဲ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစားလေယာဉ်ဟာ တံတားဦးလေဆိပ်ကတက်လာပြီး အစည်းအဝေးလုပ်နေတဲ့ သပြေသာကျေးရွာဘုန်းကြီးကျောင်းကို ဗုံး ၂ လုံးကြဲချပြီး ရော့ကတ်တွေနဲ့လည်း ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲချခံရတဲ့အတွက် သပြေသာကျေးရွာဘုန်းကြီးကျောင်းအတွင်းက ကျောင်းဆောင်တွေနဲ့ အခြားအဆောက်အဦတွေ ပျက်စီးသွားပြီး ဒဏ်ရာရတဲ့သူတွေကိုတော့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရဲ့ ဆေးတပ်သားတွေက ကုသပေးနေတယ်လို့လည်း သိရပါတယ်။

တော်လှန်ရေးတပ်တွေ ပါဝင်တဲ့ အစည်းအဝေးတွေကို စစ်ကောင်စီက အချိန်ကိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သားတွေပါ အစုအပြုံလိုက် သေဆုံးတာတွေ မကြာခဏကြုံနေရပြီး အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013