Home
နိုင်ငံတကာ
ကွန်ဂို အာဏာသိမ်းမှုကြိုးပမ်းသူများ၌ အမေရိကန်၊ ဗြိတိန်၊ ဘယ်လ်ဂျီယံ နိုင်ငံသားများပါဝင်
DVB
·
June 9, 2024
Photo - REUTERS/Justin Makangara

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပတ်သက်မှု စွပ်စွဲချက်နဲ့ သေဒဏ် ချမှတ်ခံရနိုင်တဲ့ တရားခံ ၅၃ ဦးထဲမှာ အမေရိကန်နိုင်ငံသား ၃ ဦးအပြင် ကွန်ဂိုနွယ်ဖွား ဗြိတိန်၊ ကနေဒါနဲ့ ဘယ်လ်ဂျီယံ နိုင်ငံသားတွေလည်းပါဝင်နေကြောင်း ဇွန် ၇ ရက်က စစ်ဘက် တရားခွင် ရုံးချိန်း ပထမနေ့မှာ ဖတ်ကြားခဲ့တဲ့ စွဲချက်တွေအရ သိရပါတယ်။ 

ဒီတရားခွင်ကို ကင်ရှာဆာမြို့ ဆင်ခြေဖုံးရှိ အန်ဒိုလို စစ်ဘက်အကျဉ်းထောင်ဝင်းအတွင်းရှိ တဲတခု အောက်မှာ ရုံးတင်စစ်ဆေးခဲ့တာပါ။ 

တရားခံတွေကို တရားရုံးမှာ စစ်ဆေးဖော်ထုတ်ပြီး စွဲချက်တင်ထားပေမဲ့ သူတို့ဟာ တောင်းပန် လျှောက်လဲဖို့ တောင်းဆိုခြင်း မရှိပါဘူး။ 

ဒီအမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာတော့ အမေရိကန် အကျဉ်းကျခံတဦးရဲ့ ရှေ့နေ ဘန်ဂျမင် ဇာလ်မန်-ပိုလွန်က တရားခံကို အပြစ်ရှိကြောင်း သက်သေမပြမချင်း အပြစ်ကင်းတယ် ဆိုတဲ့ ယူဆချက်ကို လျှောက်ထားခဲ့ကြောင်းနဲ့ တရားခံလွှဲပြောင်းရေး ဖြစ်နိုင်ခြေကို ပြောဆိုဖို့တော့ စောလွန်းသေးကြောင်း ပြောကြားခဲ့ပါတယ်။ မှတ်ချက်ပေးဖို့ တခြားရှေ့နေတွေဆီ ဆက်သွယ်လို့ မရပါဘူး။

ကွန်ဂိုလုံခြုံရေးတပ်ဖွဲ့ဟာ မေ ၁၉ ရက်က အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို တားဆီးခဲ့ပြီး သူတို့ရဲ့ ခေါင်းဆောင် အမေရိကန်အခြေစိုက် ကွန်ဂိုနိုင်ငံရေးသမား ခရစ္စတီယန် မက်လွန်းယာ မသေဆုံးခင်က မြို့တော် ကင်ရှာဆာရှိ သမ္မတလောင်း ကိုယ်စားလှယ်ရုံးခန်းကို လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ခေတ္တခဏ သိမ်းပိုက်ခဲ့ပါတယ်။ 

သူတို့ဟာ တရားမဝင် လက်နက်တွေ လက်ဝယ်ထားရှိမှု၊ ရာဇ၀တ်ပူးပေါင်းကြံစည်မှုနဲ့ အကြမ်းဖက်ဝါဒ အပါအဝင် တချို့မှာ သေဒဏ် သို့မဟုတ် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရနိုင်တဲ့ စွဲချက်အမျိုးမျိုးကိုလည်း ရင်ဆိုင်နေကြရပါတယ်။ 

ကွန်ဂိုနိုင်ငံမှာ သစ္စာဖောက်ခြင်းနဲ့ သူလျှိုလုပ်ခြင်းတို့ဟာ လက်နက်ကိုင် ပဋိပက္ခတွေ ထပ်တလဲလဲ ဖြစ်ပွားနေရခြင်းတွေရဲ့ အကြောင်းရင်းအဖြစ် အခိုင်အမာ ကိုးကားပြီး သေဒဏ်ဆိုင်းငံ့ထားမှုကို မတ်လတုန်းက ရုပ်သိမ်းခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013