ရုရှား ထိန်းချုပ်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းရှိ လူဟန့်စ်ခ်မြို့ကို တိုက်ခိုက်ရာမှာ ယူကရိန်းတပ်ဖွဲ့တွေက အမေရိကန်က ထောက်ပံ့ပေးထားတဲ့ ATACMS ဒုံးကျည် ၅ စင်းကို ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက် စွပ်စွဲလိုက်ပြီး တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၂၀ လောက် ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ကလေး ၄ ဦး အပါအဝင် ဒဏ်ရာရသူ ဦးရေ ၅၀ လောက်အထိ တိုးလာကြောင်း ဒေသတွင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ရုရှားနိုင်ငံ အရေးပေါ် ဝန်ကြီးဌာနကလည်း ပြောပါတယ်။
ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေဟာ ဒုံးကျည် ၅ စင်းထဲက ၄ စင်းကို ပစ်ချခဲ့ပေမဲ့ ဒုံးကျည်တွေက ၁ စင်းက လူနေတိုက်ခန်း ဘလောက် ၂ ခုကို ထိမှန်ပျက်စီးသွားတာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပြီး ဒါဟာ တမင်သက်သက် လုပ်ရပ် ဖြစ်ကြောင်းလည်း စွပ်စွဲထားပါတယ်။
စာသင်ကျောင်း ၂ ကျောင်းနဲ့ သူငယ်တန်းကျောင်း ၃ ကျောင်း အပါအဝင် အဆောက်အအုံ ၃၃ လုံး ပျက်စီးခဲ့ကြောင်း ရုရှားခန့်အပ် ဒေသအုပ်ချုပ်ရေးမှူး လီရိုနစ်ဒ်က ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ တိုက်ခန်းအဆောက်အအုံရဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးသမားတွေ လုပ်ဆောင်နေတဲ့ ဗီဒီယိုဖိုင်ကို ရုရှားနိုင်ငံ အရေးပေါ် ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းသမ္မတဇလန်းစကီးရဲ့ ၅ နှစ်သက်တမ်းဟာ မေလမှာ ကုန်ဆုံးသွားပြီဖြစ်လို့ တရားမဝင်တော့ဘူးလို့ ရုရှားသမ္မတ ပူတင်က အကြိမ်ကြိမ်စွပ်စွဲထားပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ သူ့ တရားဝင်မှုကို ယူကရိန်းပြည်သူက အသိအမှတ်ပြု၊ ဆုံးဖြတ် ထားပြီးဖြစ်ကာ ရုရှားသမ္မတ ပူတင်နဲ့မဆိုင်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
“သမ္မတ ဇလန်းစကီးရဲ့ တရားဝင်မှုဆိုတာကို ယူကရိန်းပြည်သူတွေက အသိအမှတ်ပြုထားပါတယ်၊ ကျုပ်တို့ပြည်သူတွေဟာ လွတ်လပ်တဲ့ ပြည်သူတွေပါ၊ ပူတင်ရဲ့ တရားဝင်မှုကိုတော့ ရဲဘော်ပူတင် တဦးတည်းကပဲ အသိအမှတ်ပြုထားတာပါ”လို့ ဇလန်းစကီးက ဇွန် ၇ ရက်က ပါရီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာထားရတာ ဒီနေ့အထိ ဖြစ်ပါတယ်။
ယူကရိန်း အခြေခံဥပဒေအရ သမ္မတဟာ နောက်ရွေးချယ်ခံရတဲ့ သမ္မတ မတက်မချင်း တာဝန်ယူခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ ဒီဥပဒေကို ရေးကတည်းက ရုရှားကျူးကျော်လာခဲ့ရင်ဆိုတဲ့ အခြေအနေကို မှန်းဆပြီး ဒီလိုမျိုး ပုဒ်မတွေ ထည့်ထားခဲ့တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ဆိုပါတယ်။
အနောက်နိုင်ငံတွေကတော့ ဇလန်းစကီးရဲ့ တရားဝင်မှုကို အသိအမှတ်ပြုထားသလို ပြည်တွင်းမှာလည်း စစ်ကာလ ရွေးကောက်ပွဲ မလုပ်နိုင်တာကို လက်ခံပေးထားကြပါတယ်။
Source: Reuters