အခေါက်ရွှေ တကျပ်သား သိန်း ၅၀ အထက် ဝရုန်းသုန်းကား ခုန်တက်ပြီးနောက်မှာ အကြမ်းဖက်စစ်ကောင်စီက ရွှေဈေးကွက်တခုလုံးကို သေနတ်ထောက်၊ လက်ထိတ်ခတ်၊ ဖမ်းဝရမ်းထုတ်ကာ ဝင်ရောက်စီးနင်းတော့တယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ချိန်ကစလို့ ၃ နှစ်ကျော်ကာလအတွင်း အပြင်းထန်ဆုံးသော တိုက်ခိုက်မှု၊ ရွှေဈေးက အတက်ကြမ်းခဲ့သလောက် စစ်ကောင်စီကလည်း အပြင်းထန်ဆုံး နှိပ်ကွပ်ခဲ့ခြင်းဖြစ်တယ်။ မတ်လ ၁၈ ရက်က ရုရှားသတင်းဌာန ITAR-TASS နဲ့ မင်းအောင်လှိုင်တို့ သီးသန့်တွေ့ဆုံစဉ် NLD အစိုးရရဲ့ စီမံခန့်ခွဲမှု အားနည်းချက်တွေကြောင့် ကျဆင်းခဲ့တဲ့ တိုင်းပြည်စီးပွားရေးဟာ ကျွန်ုပ်တို့ စစ်ဗိုလ်ချုပ်တွေရဲ့ ဉာဏ်ကြီးမှုကြောင့် ပြန်လည်ဦးမော့လာပြီလို့ အရှက်သိက္ခာမဲ့စွာနဲ့ ကြွားလုံးထုတ်ခဲ့ပြီး သိပ်မကြာ၊ ရွှေဈေးက သိန်း ၆၀ နားရောက်တဲ့အထိ ခုန်တက်ကြမ်းခဲ့တာကြောင့် မင်းအောင်လှိုင် ဒေါသူပုန်ထခြင်းလည်း ဖြစ်နိုင်တယ်။
ပြဿနာက မအောင်မြင်တဲ့ အာဏာသိမ်းပွဲ မစတင်မီ ၂၀၂၁ နှစ်ဆန်းပိုင်းမှာ အမေရိကန် တဒေါ်လာ ကျပ် ၁,၃၀၀ နဲ့ အခေါက်ရွှေ တကျပ်သား ကျပ် ၁၃ သိန်းသာ ရှိခဲ့ရာကနေ ၃ နှစ်ကျော်ကာလအတွင်း ရွှေဈေး သိန်း ၆၀ နား ကပ်သွားခြင်းက စစ်ဗိုလ်ချုပ်တို့ရဲ့ ပြောင်မြောက်တဲ့ စီမံခန့်ခွဲမှုဖြစ်ကြောင်း ငြင်းချက်ထုတ်ရခက်ခြင်းပါပဲ။
မေလ ၂၁ ရက်မှာ အခေါက်ရွှေဈေးဟာ ငါးထိပ်စီးကို ပြောင်းကာ ၅၁ သိန်း ကျော်သွားခဲ့တယ်။ မေ ၂၉ ရက်ရောက်တော့ ၅၅ သိန်းကို ဆက်ကျော်။ မေ ၃၀ ရောက်တော့ ၅၈ သိန်းကျော် ၅၉ သိန်း။ ဒါနဲ့ မကြာခင် ၆ ထိပ်စီးပြောင်းတော့မယ့် ရွှေဈေးကွက်ထဲ စစ်ကောင်စီ အာဏာအလုံးအရင်းနဲ့ ဝင်ချလာကာ ရွှေလုပ်ငန်းရှင်နဲ့ ပွဲစား စုစုပေါင်း ၂၁ ဦးကို ရွှေဈေးနှုန်း မတည်ငြိမ်အောင် ဈေးကစားနေတယ်ဆိုပြီး ဖမ်းဆီးတော့တယ်။
ဒေါ်လာဈေးတက်ရင် ဒေါ်လာသမားတွေကို ဖမ်းဆီး လည်မျိုညှစ်၊ ရွှေဈေးတက်ရင်လည်း ရွှေထိပ်သီးတွေကို လက်ထိပ်ခတ်ခြင်းဟာ အရင်အာဏာရှင်အဆက်ဆက် လုပ်မြဲဖြစ်ပြီး ခဏတဖြုတ် ဖမ်းပြီး ပြန်လွှတ်လိုက်တာလည်း အစဉ်အလာတရပ်လိုပါပဲ။
ဒါပေမဲ့ ဒီတခေါက်ကတော့ ဒီလောက်နဲ့ပြီးမယ့်ဟန် မပေါ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇွန် ၂ ရက်နေ့မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ ၂၁ ဦးကို ဖမ်းဆီးပြီးနောက် နာမည်ကြီး ရွှေဆိုင်လုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားသလို ဒေါ်လာငွေလဲဈေးကွက်ထဲက သူတွေကိုပါ ဖမ်းဆီးလာတာကြောင့်ပါပဲ။
ဆက်လက်ပြီး လတ်တလော စစ်တပ်ဖမ်းဆီးအရေးယူထားတဲ့ ဒေါ်လာဝယ်ရောင်းနဲ့ ဟွန်ဒီငွေလွှဲသူတွေရဲ့ ဘဏ်အကောင့်နဲ့ ငွေစာရင်းတွေကို စစ်တပ်က မောင်ပိုင်စီး သိမ်းယူလိုက်ခြင်းကလည်း ငွေနဲ့ရွှေဈေးကွက်ကို ပြတ်ပြတ်သားသား အကြမ်းဖက်နေပြီ ဖြစ်ကြောင်း ဖော်ပြနေပါတယ်။ အဲဒီလုပ်ရပ်ဟာ စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားတဲ့ ရွှေလုပ်ငန်းရှင်တွေကို ဒူးထောက်အညံ့ခံဖို့ ခြိမ်းခြောက်ပြီးသားလို့လည်း ဆိုနိုင်တယ်။
ပြီးတော့ ဇွန် ၅ ရက်မှာ စစ်ကောင်စီက နောက်ထပ် ခြေတလှမ်း ထပ်တိုးလာတယ်။ အဲဒါကတော့ စစ်ကောင်စီလက်ပါးစေ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ထုတ်ပြန်ချက်ပါပဲ။ ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေကို လိပ်မူထားတဲ့ အဲဒီထုတ်ပြန်ချက်ထဲမှာ သတ်မှတ်ဈေးနှုန်းအတိုင်း ရွှေရောင်းချဖို့၊ ရွှေဆိုင်တွေကို နေ့စဉ်ဖွင့်ဖို့နဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ထားတယ်။ သတ်မှတ်ဈေးနှုန်းဆိုတာက စစ်ကောင်စီ လက်ဝေခံ ရန်ကုန်တိုင်းရွှေအသင်းရဲ့ သတ်မှတ်ချက်ပါပဲ။ ဇွန်လ ၅ ရက်နေ့ခင်း ရွှေအသင်းရဲ့ အကယ်ဒမီ မီးလင်းရွှေ ဈေးနှုန်းမှာ ၄,၈၁၅,၀၀၀ ထောင်ဖြစ်ပြီး ဈေးကွက်ပေါက်ဈေးက ၅၃ သိန်းဝန်းကျင်ရှိနေတာ တွေ့ရတယ်။ ဆိုတော့ ၅ သိန်းကျော် ကွာနေတဲ့ ဈေးနှုန်းအတိုင်း ဘယ်ရွှေဆိုင်ကမှ မရောင်းနိုင်သလို ဈေးနှုန်းသတ်မှတ်တဲ့ ရွှေအသင်းကလည်း သူတို့ သတ်မှတ်နှုန်းထားအတိုင်း ရောင်းမပေးနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီကတော့ သူတို့သတ်မှတ်ဈေးအတိုင်းသာ ရောင်းချဖို့ ရွှေဈေးကွက်ကို သေနတ်ထောက် ခြိမ်းခြောက်နေပြီဖြစ်တယ်။
ဘာ့ကြောင့် စစ်ကောင်စီက ဒေါ်လာနဲ့ ရွှေဈေးကွက်ကို နင်လားငါလား ခြိမ်းခြောက်နေရတာပါလဲ။ ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းနဲ့ ရွှေဈေးအတက်အကျဟာ ကျပ်ငွေတန်ဖိုး အတက်အကျကို တိုက်ရိုက်ညွှန်းဆိုနေခြင်းကြောင့်ဖြစ်ပြီး ငွေတန်ဖိုး ထိုးကျတာကို ငြင်းဆိုလိုတာကြောင့် လုပ်ငန်းရှင်တွေ ဈေးကစားတာလို့ လက်ညှိုးထိုး ဖမ်းဆီးခြင်းပါပဲ။ ပြောရရင် စစ်ဗိုလ်ချုပ်တွေရဲ့ စရိုက်လက္ခဏာအရ ကိုယ့်မျက်နှာကိုယ် လက်ညှိုးမထိုးရဲတာကြောင့် လုပ်ငန်းရှင်တွေကို လက်ညှိုးထိုး ရန်ရှာခြင်းဖြစ်တယ်။
နောက်တချက်ကတော့ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းအပေါ် စစ်ကောင်စီက ခုခံကာကွယ်နိုင်စွမ်း မရှိတော့တာကြောင့် သူတို့လုပ်နိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း လုပ်တတ်တဲ့ ဈေးကွက်ကို လည်ပင်းညှစ်ခြင်းနည်းနဲ့ အတွင်းကြေကြေနေတဲ့ ဒဏ်ရာကို ကျပ်ထုပ်ထိုးခြင်းလည်း ဖြစ်နိုင်တယ်။
NUG ဝန်ကြီး ဦးတင်ထွန်းနိုင်က ရွှေဈေး မဟားတရား တက်လာတာဟာ စစ်ကောင်စီက ငွေစက္ကူအသစ်တွေ ဗုံးပေါလအော ရိုက်ထုတ်တာကြောင့်ဖြစ်ပြီး စစ်ကောင်စီရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း ငွေစက္ကူသစ် ဘီလီယံ ၃၀,၀၀၀ လောက် ရိုက်နှိပ်ခဲ့တယ်လို့ ဆိုတယ်။
NUG ဝန်ကြီးရဲ့ စကားကို ဒီအချိန်မှာ လက်ဆုပ်လက်ကိုင်ပြဖို့ ခက်ပေမဲ့ စီးပွားရေး ထိုးကျနေတယ်၊ အလုပ်လက်မဲ့တွေ တင်းကျမ်းပြည့်နေတယ်၊ ကုန်ဈေးနှုန်းတွေလည်း ထိန်းမနိုင်သိမ်းမရ တက်နေတယ် ဆိုတာကတော့ ပြည်သူအားလုံး မြင်သာထင်သာ ကိုယ်တိုင်ခံစားနေရတဲ့ ဒုက္ခကြီးဖြစ်တယ်။
ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ကုန်တာ၊ မအောင်မြင်တဲ့ အာဏာသိမ်းကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်ပါးရှားတာ၊ အနောက်အုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုခံရတာ၊ တော်လှန်ရေးအင်အားစုတွေရဲ့ နယ်စပ်ဒေသတွေ သိမ်းပိုက်ထားမှုနဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေးဝင်ငွေတွေ ဇောက်ထိုးဆင်းသွားတာနဲ့ ပို့ကုန်ဝင်ငွေ ကျဆင်းနေတာတွေကလည်း ကိန်းဂဏန်းအတိအကျ မပြောနိုင်တာကလွဲ အားလုံးရဲ့ မျက်မြင်တွေပါပဲ။
အဲဒီလို ဝင်ငွေ သိသိသာသာ ကျဆင်းနေတဲ့ကြားထဲ ၁၀၂၇ စစ်ဆင်ရေးကစလို့ ငယ်သံပါအောင် တိုက်နေရတဲ့ တိုက်ပွဲတွေကြောင့် စစ်အသုံးစရိတ်ကလည်း ကြောက်ခမန်းလိလိ မြင့်တက်လာမှာ အသေအချာပါပဲ။ စစ်လက်နက်ပစ္စည်းဆိုတာက နိုင်ငံခြားငွေနဲ့သာ ဝယ်ယူလို့ရတာမို့ နိုင်ငံခြားငွေသုံးစွဲရမှု သိပ်များလာမှာပါပဲ။
ဇွန် ၃ ရက်မှာပဲ ထိုင်းနိုင်ငံကကွန်ဒိုတွေ ရောင်းချသူတွေနဲ့ ကွန်ဒိုဝယ်ယူသူတွေကို ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်ကို ကြည့်လိုက်ရင် နိုင်ငံခြားငွေ ပြည်ပကို လုံးဝ မစီးထွက်စေရေး အသည်းအသန် လုပ်ဆောင်ချက်တရပ်ဖြစ်ပြီး အဲဒါဟာ စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ ခန်းခြောက်လာနေတာကို ဖော်ပြနေကြောင်း ကျွမ်းကျင်သူတချို့က ဆိုတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဧပြီအတွင်း မြန်မာနိုင်ငံသားတွေဟာ ထိုင်းဘတ်ငွေ ၂ ဘီလီယံကျော် တန်ဖိုးရှိ ကွန်ဒို ၃၉၂ ခန်း ဝယ်ယူခဲ့ပြီး ထိုင်းကွန်ဒိုတွေကို ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံးဖြစ်ကြောင်း ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကလည်း မြန်မာနိုင်ငံသားတွေရဲ့ ကျပ်ငွေအပေါ် အယုံအကြည်ကင်းမဲ့မှုကို ပြသနေသလို ၄ လအတွင်း ၂ ဘီလီယံကျော် ထိုင်းကို စီးထွက်သွားခြင်းက စစ်ကောင်စီကို မိုက်ခနဲ ဖြစ်သွားစေမှာပါပဲ။
သေချာတာကတော့ ကျပ်ငွေတန်ဖိုး ဒိုင်ဗင်ထိုးဆင်းနေတယ်၊ စစ်ကောင်စီမှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြီးလာတယ်၊ လတ်တလော ဝင်ငွေဟာ မျက်ဖြူဆိုက်နေသလောက် ထွက်ငွေတွေ သိပ်များနေခြင်းအရ စစ်ကောင်စီ စီးပွားရေးဟာ ဆက်ဆိုးသွားဖို့သာ ရှိပေမဲ့ ဗုန်းဗုန်းလဲမယ့် အခြေအနေကို ရောက်ရှိနေပြီလို့ ဘယ်စီးပွားရေးပညာရှင်ကမှ မပြောတာကိုလည်း မမေ့ဖို့ လိုတယ်။ ဆိုလိုတာက လက်ရှိ စစ်ကောင်စီ ငရဲမီးနဲ့ အထိုးခံနေရတဲ့ အခြေအနေကို ကြည့်ပြီး မကြာခင် ပွဲပြီးတော့မယ်လို့ မျှော်လင့်ချက် မကြီးမိဖို့ပါပဲ။
ဒါ့အပြင် တော်လှန်ရေးကာလ ကြာမြင့်လာ၊ သည်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် စစ်အသုံးစရိတ် မြင့်တက်လာပြီး ပြည်သူတွေရဲ့လည်မျို အစ်လာတဲ့အထိ စီးပွားရေး ကျပ်တည်းလာချိန်မှာ တော်လှန်ရေးအင်အားစုရဲ့ ဘဏ္ဍာငွေကရော ဘယ်လိုအခြေ ရောက်နေပြီလဲ။ ဘယ်လိုတွေ ဆက်လက်ရုန်းကန်ကြဖို့ လိုပါသလဲ။ မဖြစ်မနေ ထည့်စဉ်းစားကြဖို့ လိုပါမယ်။
သူ့ဘက်ရော ကိုယ့်ဘက်ကိုပါ မှန်မှန်ကန်ကန် ကြည့်တတ်ဖို့ လိုပါမယ်။ စိတ်ကူးမယဉ်မိကြဖို့ လိုပါမယ်။ ရှေ့ခရီးကို အရှိအတိုင်းတွေးပြီး လျှောက်ရဲဖို့ လိုပါမယ်။ ရွှေဈေး သိန်း ၆၀ ကျော်သွားလည်း စစ်ကောင်စီ ဗုန်းဗုန်းလဲဦးမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဆက်လက်ရုန်းကန်ကြရဦးမှာ အသေအချာပါပဲ။
ထွန်းလင်း