၃ လကြာလမ်းပိတ်ထားတဲ့ ပူတာအိုကို ဇွန် ၈ ရက် ညမှာ စားသောက်ကုန်တင်ယာဉ်တွေ စတင်ထွက်ခွာသွားပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်နယ်စပ် တီအိုချောင်းလမ်းကြားက မံဆောင်းတံတားကို စစ်ကောင်စီတပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေတို့ စစ်ရေးတင်းမာနေတဲ့အတွက် ၃ လကြာ ပိတ်ပင်ထားတဲ့ မြစ်ကြီးနား-ပူတာအိုလမ်းကို နှစ်ဖက်အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ကုန်တင်မော်တော်ယာဉ် ၁၀ စီးကျော်နဲ့ ကုန်ပစ္စည်းတွေ ပို့ဆောင်မှာဖြစ်တယ်လို့ မြစ်ကြီးနား-ပူတာအို ကားဂိတ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ထဝမ်ရာဇီ မော်တော်ယာဉ်အသင်းနဲ့ နီးစပ်သူ အမျိုးသားတယောက်က “နှစ်ဖက် အဖွဲ့အစည်းတွေ ညှိနှိုင်းကြတယ်။ အဲဒီတော့ စားသောက်ကုန်ပါတဲ့ ကုန်ကား ၁၄ စီး ညပိုင်းမှာ စထွက်မယ်။ အဓိက ကတော့ စားသောက်ကုန်တွေ အဓိက ပို့မှာ သိရတယ်” လို့ ပြောပါတယ်။
ပူတာအိုမြို့ကို ထွက်ခွာမယ့် မော်တော်ယာဉ်တွေနဲ့ စားသောက်ကုန်တွေပဲ တင်ပို့မှာဖြစ်ပြီး စက်သုံးဆီကိုတော့ တင်ပို့ခွင့်မပြုဘူးလို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့က စတင်ပြီး မြစ်ကြီးနား ပူတာအိုလမ်းကို ပိတ်ပင်ထားခဲ့တဲ့အတွက် ပူတာအိုမြို့မှာ စက်သုံးဆီလည်း ပြတ်လပ်နေပြီး အခြေခံစားသောက်ကုန်တွေ ဈေးနှုန်း အဆမတန် မြင့်တက်နေပါတယ်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်နယ်စပ် တီအိုချောင်းလမ်းကြားက မံဆောင်းတံတားကို ဇွန် ၈ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တီးတိန်မြို့နဲ့ ၃ မိုင်လောက်ဝေးတဲ့ မဏိပူရ်မြစ်ပေါ်က မံဆောင်းတံတားကို စစ်ကောင်စီတပ်သားတွေက မိုင်းထောင်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားအင်အား ၄၀ ကျော်က မံဆောင်းတံတားအနီးက လမ်းဇန်ရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရွာခံအချို့ကို ဖမ်းဆီးချုပ်နှောင်ထားခဲ့ကာ တံတားမိုင်းခွဲပြီးမှ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
တီးတိန်ဒေသခံတယောက်က “စစ်သားတွေက တံတားကိုဖျက်ဖို့ တကူးတကလာတာ။ ပေါက်ကွဲသံက တော်တော်ကျယ်တယ်၊ သူတို့က တံတားကို မသွားခင် လမ်းဇန်ရွာကို ဝင်ပြီးတော့မှ ရွာက လူငယ်တွေကို ဖမ်းပြီးမှ အိမ်တအိမ်မှာ ချုပ်နှောင်ထားတယ်။ ဘုရားကျောင်းတက်နေတဲ့ သူတွေကိုလည်း သော့ခတ်ထားခဲ့တယ်။ အဲဒီလူတွေကို ဖမ်းခဲ့ပြီးတော့မှ သူတို့က တံတားကို သွားဖောက်ခွဲတာ။ ပြန်လာတဲ့အခါကျမှ ရွာသားတွေကို ပြန်လွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
တီးတိန်မြို့နယ် မံဆောင်းတံတားဟာ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကြိုးတံတား ၁ ခု ဖြစ်တယ်။