ဆူဒန်နိုင်ငံအတွင်း ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ မကြာခင်မှာ ၁၀ သန်းကျော် ရှိလာနိုင်ပြီး ကမ္ဘာ့အကြီးဆုံး အိုးမဲ့အိမ်မဲ့ အကျပ်အတည်းထဲမှာ ရောက်ရှိနေကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က သတိပေးလိုက်ပါတယ်။
၂၀၂၃ ခုနှစ် ဧပြီလက မြို့တော်ခါတွန်မ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတဝန်းကို မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ကာ အနောက်ပိုင်း ဒါဖာဒေသမှာ လူမျိုးရေးတိုက်ပွဲတွေ ဖြစ်ပွားပြီးတော့ လူပေါင်းသန်းနဲ့ချီ ထွက်ပြေးခဲ့ရပါတယ်။
IOM အဖွဲ့အစည်းဟာ အခုသီတင်းပတ်အတွင်း ဆူဒန်ရှိ ပြည်နယ် ၁၈ ခုလုံးမှာ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူ ၉ ဒသမ ၉ သန်းကို မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ ပြည်တွင်းစစ် မဖြစ်ခင်အထိ ရှိနေပြီးသား အိုးအိမ်စွန့်ခွာရသူ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ၂ ဒသမ ၈ သန်း ပါဝင်နေပြီး စစ်ဖြစ်ပြီးနောက်မှာ ၇ ဒသမ ၁ သန်း ထပ်တိုးလာခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ ဖြစ်ကြပြီး ၄ ပုံ ၁ ပုံကျော်ဟာ အသက် ၅ နှစ်အောက် ကလေးတွေဖြစ်ကြောင်း IOM မှ သိရပါတယ်။
စုစုပေါင်း လူပေါင်း ၁၂ သန်းလောက်ဟာ ဆူဒန်ရှိ သူတို့ရဲ့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရပြီး ၂ သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ချဒ်၊ တောင်ဆူဒန်နဲ့ အီဂျစ်နိုင်ငံတွေဆီ ထွက်ပြေးခဲ့ကြတယ်လို့ အဲဒီအဖွဲ့အစည်းက ဆိုပါတယ်။
ပိုပြင်းထန်လာနေတဲ့ ဒီဒုက္ခသည်အကျပ်အတည်းမှာ ကျယ်ပြန့်တဲ့ အငတ်ဘေးနဲ့ ကူးစက်ရောဂါ ကပ်ဘေးတွေက ထပ်ပေါင်းလာပါတယ်။
ဆူဒန်မှာ လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်တွေက ကြီးမားပြင်းထန်ပြီး အခုချက်ချင်း လိုအပ်နေပေမယ့် ရန်ပုံငွေက ၁၉ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း IOM ညွှန်ကြားရေးမှူးချုပ် အေမီ ပုပ်ပ် က ပြောပါတယ်။
နိုင်ငံတွင်း ငတ်မွတ်ခေါင်းပါးမှုကို ရှောင်ရှားနိုင်ဖို့ စည်းလုံးညီညွတ်တဲ့ နိုင်ငံတကာ ကြိုးပမ်းမှုတွေကိုလည်း အေမီပုပ်ပ်က တောင်းဆိုခဲ့ပါတယ်။
Source - Reuters