အီကွေဒေါနိုင်ငံရဲ့ ရေတပ်ဟာ အိမ်နီးချင်း မဟာမိတ်တွေနဲ့ လေ့ကျင့်ခဲ့ပြီးနောက် နိုင်ငံခြားသင်္ဘောတွေက တရားမဝင် ငါးလာဖမ်းကြတဲ့ ဂါလာပါဂိုးစ် ကျွန်းတွေအနီးက ပင်လယ်ပြင်ကို ကာကွယ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။
အီကွေဒေါရဲ့ သင်္ဘော ၆ စီးဟာ အမေရိကန်၊ ပီရူးနဲ့ ကိုလံဘီယာ ရေတပ်သင်္ဘောတွေနဲ့အတူ ဇွန် ၂၃ ရက်မှ ဇူလိုင် ၉ ရက်အထိ လေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီး လေ့ကျင့်ရေးသင်္ဘောတွေဟာ ငါးဖမ်းလှေတွေကို ကြားဖြတ်ဖမ်းဆီးကာ သင်္ဘောပေါ် တင်ဆောင်ရတဲ့ အသွင်တူ စစ်ဆင်ရေးတွေကို ပြုလုပ်ခဲ့ပါတယ်။
အီကွေဒေါမှာ နှစ်တိုင်း ငါးခိုးဖမ်းတဲ့ သင်္ဘောတွေကြောင့် ရေပိုင်နက်က အဏ္ဏဝါဘဝတွေကိုလည်း ထိခိုက်ပျက်စီးအောင် ခြိမ်းခြောက်နေပါတယ်။
နိုင်ငံခြား ငါးဖမ်းသင်္ဘောတွေဟာ ဒေသရဲ့ ဂေဟစနစ်ကိုပါ စတင်လုယူတဲ့ အခြေအနေကို ရောက်ရှိလာပြီးတော့ သူတို့ငါးဖမ်းတဲ့အခါ ဂါလာပါဂိုးစ် အဏ္ဏဝါဂေဟစနစ်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အမှန်တကယ် ရွှေ့ပြောင်းမျိုးစိတ်တွေကို ထိခိုက်စေပါတယ်လို့ ရေယာဉ်အုပ်စုရဲ့ ကပ္ပတိန် ဂီလ်ယဲရ်မို မီရန်ဒါက ပြောပါတယ်။
အဲဒါဟာ အီကွေဒေါနိုင်ငံအတွက်တင် မဟုတ်ဘဲ တော်တော်ကို လေးနက်တဲ့ပြဿနာ ဖြစ်လာပြီလို့လည်း ဆိုပါတယ်။
အီကွေဒေါ အာဏာပိုင်တွေဟာ များပြားလှတဲ့ အဏ္ဏဝါရေပြင် ထိန်းသိမ်းရေးနယ်နိမိတ်တွေ ရှိထားတဲ့ ဂါလာပါဂိုးစ် ကျွန်းတွေတဝိုက်မှာ ငါးခိုးဖမ်းတဲ့ သင်္ဘောတစင်းကို ဖမ်းမိခဲ့အပြီး နောက်တနှစ် ၂၀၁၈ ခုနှစ်မှာ လေ့ကျင့်မှု စစ်ဆင်ရေးတွေကို စတင်ခဲ့ပါတယ်။
ဖှုယွမ်ယုလန် ၉၉၉ လို့ သိကြတဲ့ တရုတ်အလံတပ် သင်္ဘောကို ဖမ်းမိချိန်မှာ ငါးတန်ချိန် ၃၀၀ ကို တင်ဆောင်ထားတာပါ။
နှစ်စဉ်နှစ်တိုင်း တရုတ်အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောကြီးတွေဟာ ဂါလာပါဂိုးစ် ကျွန်းတွေအနီးကို ရွက်လွှင့်လာလေ့ရှိပြီး သူတို့ ငါးဖမ်းနေတာကို စောင့်ကြည့်လို့မရအောင် သူတို့ရဲ့ရေဒါတွေကို ပိတ်ထားတတ်ကြတယ်လို့ အီကွေဒေါအစိုးရက ပြောကြားခဲ့ပါတယ်။
တရုတ်အစိုးရကတော့ သူ့နိုင်ငံက ငါးဖမ်းသင်္ဘောတွေဟာ နိုင်ငံတကာ ရေပိုင်နက်ဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာကြောင်းနဲ့ ပြည်ကြီးငါးဖမ်းသင်္ဘောတွေရဲ့ လုပ်ငန်းဆောင်တာတွေ အတွင်းမှာ ငါးမန်းတွေနဲ့ တခြားကာကွယ်ထားတဲ့ အဏ္ဏဝါမျိုးစိတ်တွေကို ဖမ်းယူလာတာကို ခွင့်ပြုမထားဘူးလို့ ပြောထားပါတယ်။
Source-Reuters