အမေရိကန်ပြည်ထောင်စု၊ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ် ၂ ခုရဲ့နယ်စပ်မှာ နိုဝင်ဘာ ၁၁ ရက်က မိုးရွာလို့ တောမီးလောင်ကျွမ်းမှု နည်းနည်းနှေးကွေးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးယောက်မြို့ အနောက်မြောက်ဘက် မိုင် ၃၀ လောက်အကွာမှာရှိတဲ့ ဂျန်နင်းစ်ခရိခ် တောမီးဟာ ခုတော့ ဧက ၅၀၀၀ လောက်ကို မီးလောင်ကျွမ်းခဲ့ပြီး ၂၀ ရာခိုင်နှုန်းကို ထိန်းထားနိုင်ခဲ့တယ်လို့ နယူးယောက်ပြည်နယ် ပန်းခြံများဌာနက တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တောမီးကို ထိန်းထားနိုင်တဲ့နယ်မြေရဲ့ တဝက်က နယူးယောက်မှာ ရှိပြီး ကျန်တဝက်က နယူးဂျာစီမှာ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောကြားပြီး ညလုံးပေါက် မိုးရွာလို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အနားယူခွင့်ရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နယူးဂျာစီ သစ်တောမီးသတ်ဌာနက လက်ထောက် မီးသတ်အရာရှိ ခရစ်စ် ဖရာနက်ခ်က “ဒီမိုးရွာနေပေမယ့် ကျနော်တို့ ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ မိုးခေါင်မှုနဲ့ ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မီးလောင်ကျွမ်းမှု နှေးရုံပဲ နှေးသွားခဲ့ပါတယ်”လို့ ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုနဲ့ ခြောက်သွေ့မှုအခြေအနေတွေကြောင့် တောမီးတွေ ပိုပြီး အပြင်းအထန် ဆက်လောင်နေသေးတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
လာမယ့်ရက်တွေအတွက် ခန့်မှန်းချက်အရ လေပြင်းတိုက်ခတ်မှုနဲ့ စိုထိုင်းဆ နည်းပါးမှုကြောင့် နယူးဂျာစီပြည်နယ်ဆီ မီးခိုးတွေ တွန်းပို့နိုင်တယ်လို့ ဆိုပါတယ်။
အလွန်ခြောက်သွေ့တဲ့ အခြေအနေမှာ နယူးဂျာစီပြည်နယ်ဆီ တောမီး ထပ်မံပျံ့နှံ့မှုကနေ ကာကွယ်ဖို့ မီးတားလမ်းတွေ ဆက်ဖောက်ရမယ်လို့ သူက အလေးပေးပြောဆိုခဲ့ပါတယ်။
Source: Reuters