ပင်လယ်ကွေ့အာရပ်နိုင်ငံတွေ အပါအဝင် နိုင်ငံအများအပြားဟာ ဆီးရီးယားနိုင်ငံကို လောင်စာဆီ၊ ဂျုံနဲ့ တခြား အဓိကကုန်ပစ္စည်းတွေကို တင်သွင်းပေးချင်ကြပေမဲ့လည်း အမေရိကန်ရဲ့ တင်းကျပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဆီးရီးယားအစိုးရသစ်ဟာ ကုန်တွေတင်သွင်းဖို့ သဘောတူညီချက်တွေကို မလုပ်နိုင်သေးဘူးလို့ ဆီးရီးယား ကုန်သွယ်ရေးဝန်ကြီးသစ် မဟာခါလိလ် အယ်လ်-ဟာဆန်က ဇန်နဝါရီ ၆ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မဟာခါလိလ် အယ်လ်-ဟာဆန်က “ညီနောင်အာရပ်နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ နိုင်ငံခြားတိုင်းပြည်တွေဟာ ဆီးရီးယားပြည်သူတွေကို ပံ့ပိုးကူညီပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒနဲ့ အဆင်သင့်ရှိကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဆီးရီးယားပြည်သူတွေဟာ နှိပ်စက်ညှဉ်းပန်းမှုတွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပေမဲ့ အာရပ်နဲ့ ပြည်ပနိုင်ငံတွေဟာ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးမယ့်အချိန်ကို စောင့်ပေးနေကြပါတယ်” လို့ ဒမတ်စကပ်မှာ ပြောပါတယ်။
အရေးကြီးဆုံးက ကန့်သတ်ချက်တွေကို ဖယ်ရှားပေးဖို့ဖြစ်ပြီး အဲဒါမှသာ အထူးသဖြင့် အကြီးစားစက်မှုလုပ်ငန်း၊ စွမ်းအင်၊ ရေနံနဲ့ တခြားအရာတွေမှာ အဆင့်မြင့် ရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံတွေနဲ့ ကုမ္ပဏီတွေ စတင်နိုင်စေမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆီးရီးယားအစိုးရသစ်ဟာ ဂျုံနဲ့ လောင်စာဆီကို ရှာကြံခြစ်ကုတ်ခဲ့လို့ လအနည်းငယ်စာလောက် လုံလောက်သေးတယ် ဆိုပေမဲ့ ပိတ်ဆို့အရေးယူမှုတွေ အချိန်အကြာကြီး ဆက်ရှိနေဦးမယ်ဆိုရင် ဆီးရီးယားပြည်သူတွေကို ကပ်ဆိုးကြီး ကျရောက်လိမ့်မယ်လို့ ထင်မြင်မိကြောင်းလည်း ဆိုပါတယ်။
ဆီးရီးယားမှာ အာဆတ် အုပ်ချုပ်ချိန်အတွင်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး အစိုးရနဲ့ ဗဟိုဘဏ်လို အစိုးရအဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားခဲ့ပါတယ်။
အာဆတ်အစိုးရရဲ့ အဓိကကျောထောက်နောက်ခံဖြစ်တဲ့ ရုရှားနဲ့ အီရန်တို့ဟာ အရင်က ဆီးရီးယားရဲ့ ဂျုံနဲ့ ရေနံထွက်ကုန် အများစုကို ထောက်ပံ့ပေးခဲ့ပေမဲ့ ဒီဇင်ဘာ ၈ ရက်က ဆီးရီးယား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖြုတ်ချမှုကြောင့် အာဆတ်ဟာ မော်စကိုကို ထွက်ပြေးသွားပြီးနောက် ရုရှားနဲ့ အီရန် ၂ နိုင်ငံစလုံးဟာ သူတို့ရဲ့ထောက်ပံ့မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
အမေရိကန်ဟာ ဆီးရီးယားကို လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ လျှပ်စစ်ဓာတ်အားလို အခြေခံဝန်ဆောင်မှုတွေ ပေးအပ်ခြင်းအပေါ် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးသွားမယ်လို့ ကြေညာလိုက်ပြီး သူ့ရဲ့ တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်ထားရှိဦးမယ်လို့ လူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မျှော်မှန်းထားတဲ့ အစီအမံတွေရဲ့ သက်ရောက်မှု အတိအကျကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source : Reuters