Home
နိုင်ငံတကာ
ဆီးရီးယား ဒုံးကျည်စက်ရုံကို အစ္စရေး ဝင်ရောက်စီးနင်းခဲ့
DVB
·
January 3, 2025
Photo : ISRAELI ARMY HANDOUT

အစ္စရေးစစ်တပ်ရဲ့ အထူးတပ်ဖွဲ့တွေဟာ ဆီးရီးယားရှိ မြေအောက်ဒုံးကျည်ထုတ်လုပ်တဲ့နေရာကို စက်တင်ဘာလတုန်းက ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီနေရာဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာက အစ္စရေးကို တိုက်ခိုက်ဖို့အတွက် ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေကို ရာနဲ့ချီ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ နေရာဖြစ်ကြောင်း ဇန်နဝါရီ ၂ ရက်မှာ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။

မြေထဲပင်လယ်ကမ်းရိုးတန်းအနီးက မာ့ဆာ့ယော့ဖ်မြို့ အနီးရှိ အဆောက်အအုံဟာ ဒေသတွင်းမှာ အီရန်ရဲ့ ထုတ်လုပ်ရေးလုပ်ဆောင်နေတဲ့ အရေးပါတဲ့ စက်ရုံနေရာဖြစ်နေတယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) မှ ဒုဗိုလ်မှူးကြီး နာဒက်ဗ် ရှိုရှာနီက သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။

တောင်စောင်းထဲမှာ တူးဖော်တည်ဆောက်ထားတဲ့ စက်ရုံကို စတင်တည်ဆောက်နေတဲ့ ၂၀၁၇ ခုနှစ်ကတည်းက အစ္စရေးက စောင့်ကြည့်နေခဲ့တာဖြစ်ပြီး အဲဒီစက်ရုံဟာ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေကို ထုတ်လုပ်နိုင်တဲ့ အနေအထားရှိပြီး တချို့ဒုံးကျည်တွေဆိုရင် အကွာအဝေး ၃၀၀ ကီလိုမီတာ (မိုင် ၁၉၀) အထိ ရောက်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၈ စီးနင်းမှုအသေးစိတ်ကို အစ္စရေးမီဒီယာတွေမှာ ထုတ်ပြန်ထားပေမဲ့ ဒါဟာ အထူးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးလေ့မရှိတဲ့ စစ်တပ်က ပထမဆုံး အတည်ပြုချက်ဖြစ်ကြောင်း ရှိုရှာနီက ပြောကြားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဆီးရီးယားနိုင်ငံပိုင် မီဒီယာဟာ နိုင်ငံအနောက်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၆ ယောက် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ညအချိန်စီးနင်းမှုဟာ “မကြာသေးခင်နှစ်တွေအတွင်း IDF က လုပ်ဆောင်ခဲ့တဲ့ ပိုမိုရှုပ်ထွေးတဲ့ စစ်ဆင်ရေးတွေထဲက တခုဖြစ်တယ်” လို့ ရှိုရှာနီက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့အတူ ဒါဇင်နဲ့ချီတဲ့ လေယာဉ်တွေနဲ့ ရဟတ်ယာဉ်မှာ တင်ဆောင်လာတဲ့ တပ်ဖွဲ့ဝင် ၁၀၀ ဝန်းကျင်လောက်လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးတာဝန်ရှိသူတွေဟာ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ကို အီရန်ဆီက လက်နက်တွေရရှိအောင် ကူညီပေးခဲ့တယ်လို့ အာဏာရှင်ဟောင်း သမ္မတ ဘာရှား အယ်လ်-အာဆတ်ရဲ့ အရင်ဆီးရီးယားအစိုးရကို စွပ်စွဲခဲ့ပြီး လက်ဘနွန်ကို လက်နက်တွေစီးဆင်းမှု ရပ်တန့်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆတ် အစိုးရဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ အကျအဆုံးများလာခဲ့တာကြောင့် အစ္စရေးဟာ ဆီးရီးယား စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ လက်နက်ထုတ်လုပ်တဲ့နေရာတွေကို ရန်သူတွေလက်ထဲ မကျရောက်အောင် တားဆီးဖို့အတွက် ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013