နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်အဆင့် ထိပ်တန်းခေါင်းဆောင်တွေအနီးမှာထားတဲ့ အကျဉ်းဦးစီးဝန်ထမ်း အားလုံးကို စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ထားတာကြောင့် သတင်းအချက်အလက်ရဖို့ အရင်ကထက် ပိုခက်ခဲသွားပြီလို့ နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဖမ်းဆီးခံနိုင်ငံ့ခေါင်းဆောင်တွေဟာ ရှေ့နေတွေနဲ့ လုံးဝတွေ့ဆုံခွင့်မရသလို အကျဉ်းထောင်တွင်း စစ်ခုံရုံးတွေမှာ ရင်ဆိုင်နေရတဲ့ အမှုသည်အားလုံးကိုလည်း စစ်ကောင်စီက စည်းကမ်းတွေ ပိုတင်းကျပ်နေတယ်လို့ သိရပါတယ်။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “ကျနော်တို့လည်း စုံစမ်းတယ်၊ သူတို့ဘက်က ကျနော်တို့ အရင်သိနိုင်လောက်တဲ့လူတွေကို အနားနားမထားတော့ဘဲ အကုန်ပြောင်းပစ်တဲ့ သဘောရှိတယ်။ အရင်တုန်းကဆိုရင် သူ့နားမှာထားတာတွေကနေ ကျနော်တို့ ဆင့်ကဲဆင့်ကဲ သိနိုင်တာတွေ အများကြီးရတယ်။ သူတို့ လူတွေပြောင်းပစ်တော့ ကျနော်တို့ ချက်ချင်းကြီး မရနိုင်ဘူး ဖြစ်နေတယ်။ အယူခံကိစ္စတွေ၊ အယူခံတက်တဲ့အုပ်စုတွေတောင် ပေးမတွေ့ဘူး။ ရိုးရိုးပုဒ်မတွေ၊ အကြမ်းဖက်ပုဒ်မတွေတောင် အယူခံတက်တဲ့ကိစ္စတွေပါ ဝင်ထိုးရင် ရှေ့နေတွေကို ပေးမတွေ့ဘူး။ ပါဝါထိုးပြီးတော့ပဲ အယူခံတွေ ပြင်ဆင်တွေ တက်ပေးရတာရှိတယ်။ အခုဆိုရင် စစ်ခုံရုံးက ချတာတွေဆိုရင် တော်တော်ခက်ခက်ခဲခဲ ပါဝါထိုးဖို့ တက်ဖို့ ကူညီဖို့တောင် ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပေမဲ့ ပြန်လွတ်တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ မပါဝင်ခဲ့ပါဘူး။
လွတ်ငြိမ်းခွင့်နဲ့အတူ ပုဒ်မတချို့နဲ့ပတ်သက်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပေးကြောင်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုတဲ့ ပုဒ်မတွေထဲမှာ မတရားအသင်း၊ အဂတိ၊ လက်နက်မှု၊ အကြမ်းဖျက်မှုတိုက်ဖျက်ရေးဥပဒေတို့လို နွေဦးတော်လှန်ရေးမှာ အကျဉ်းထောင်ထဲ ရောက်သွားသူတွေကို စွဲထားတဲ့ ပုဒ်မအများစုကတော့ အကျုံးမဝင်ခဲ့ပါဘူး။ စစ်ကောင်စီကပေးတဲ့ သက်သာခွင့်ဟာ အားလုံးကို တပြေးညီပေးတာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေက သီးခြား အထူးခံစားခွင့်ရတာမျိုးလည်း မဟုတ်ခဲ့ပါဘူး။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “လျှော့ရက်ကတော့ လုပ်ထုံးလုပ်နည်း အတိုင်းပဲပေါ့။ နိုင်ငံရေးအပြောင်းအလဲဖြစ်မှပဲ လွတ်မှာပါ။ အစကတည်းက လွှတ်ပါမယ်လို့လည်း အာမ မခံဘူး။ သူတို့တွေ လုပ်ထားတာကိုက အဆုံးလုပ်ထားတာဆိုတော့။ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကတော့ တနိုင်ငံလုံး ပြစ်ဒဏ်တွေနဲ့ပတ်သက်ရင် လျော့သွားတဲ့ သဘောလောက်ပဲ ရှိပါတယ်။ တနိုင်ငံလုံး ဘယ်ပုဒ်မဆိုရင် ပြစ်ဒဏ်ဘယ်လောက်လျှော့တယ် အဲဒီသဘောမျိုးပါပဲ။ သူက သက်ဆိုင်တဲ့ဥပဒေနဲ့ သက်ဆိုင်တဲ့ပုဒ်မနဲ့ပဲ သွားတာ။ ကျန်တဲ့ ဥပဒေပုဒ်မတွေတော့ မပါဘူးပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီကပေးတဲ့ ၆ ပုံ ၁ ပုံ ပြစ်ဒဏ်လျှော့ပေးတဲ့ ခံစားခွင့်ဟာ အကျဉ်းဦးစီးလက်စွဲအရ ထောင်ထဲမှာ စည်းကမ်းနဲ့အညီ နေထိုင်သူတွေကို ပေးတဲ့ လျှော့ရက်ပမာဏထက်တောင် ခံစားခွင့် နည်းပါတယ်။
အကျဉ်းဦးစီးလက်စွဲ ပုဒ်မ ၈၅၀ အရ စည်းကမ်းနဲ့အညီ နေထိုင်သူတွေဟာ ပြစ်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံအထိ လျှော့ရက်ခံစားခွင့် ရှိနေတာပါ။
လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ အပိုဒ်ခွဲ ၁ အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာဖြစ်ပြီး လျှော့ရက်ကိုတော့ အကျဉ်းဦးစီးလက်စွဲအရ ပေးရတာ ဖြစ်ပါတယ်။
ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “အကျဉ်းထောင်လက်စွဲဥပဒေအရဆိုရင် လျှော့ရက်ကတော့ ရှိတယ်။ သူ့ဘာသာသူ သွားနေတာပဲ။ ၃ လတကြိမ်မှာ အနည်းဆုံး တလနီးပါးလောက် ရလေ့ရှိတယ်။ ဒါကြောင့်လည်းပဲ အကျဉ်းထောင်လက်စွဲဥပဒေပုဒ်မ ၈၅၀ မှာ ပေးလိုက်တဲ့ လျှော့ရက် စုစုပေါင်းသည် သူ့ပြစ်ဒဏ်ရဲ့ ၃ ပုံ ၁ ပုံထက် မပိုစေရလို့ ရေးထားတယ်။ ဘာကြောင့်လဲဆိုတော့ လျှော့ရက်စနစ်က များတယ်။ သူက ၃ ပုံ ၁ ပုံထက် ပိုသွားရင် ၃ ပုံ ၁ ပုံမှာပဲ ဖြတ်ချလိုက်တာ။ ဒါက လျှော့ရက်စနစ်၊ အကျဉ်းသားတိုင်း ပုံမှန်သွားနေတာပဲ” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၁၄ ခုအတွက် ထောင်ဒဏ် ၂၇ နှစ်ကျခံဖို့ စစ်ကောင်စီတရားရုံးက အမိန့်ချထားတာပါ။
တဖက်မှာ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နေအိမ်ဟာလည်း ဖေဖော်ဝါရီလကျရင် တတိယအကြိမ် လေလံပစ်ခံရမယ့် အခြေအနေ ရောက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေအဖွဲ့က ၂၀၂၂ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရတာဖြစ်ပြီး စစ်ကောင်စီက အချိန် ၂ နှစ်ကျော် ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။
သုတချမ်းသာ