ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား ၃၄၀ ကျော်သာ ပါဝင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက်က လွတ်ငြိမ်းခွင့်မှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် ပါဝင်တယ်လို့ စစ်ကောင်စီက ပြောဆိုထားပေမဲ့ ပြန်လွတ်လာတဲ့ အရေအတွက်ဟာ မြေပြင်မှာ ထက်ဝက်နီးပါး လျော့နည်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဆိုပြီး အကျဉ်းသား ၅,၈၆၄ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် ပါဝင်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင် ၄၀ ကျော်ကို စာရင်းကောက်ယူရာမှာတော့ နိုင်ငံရေးအကျဉ်းသား ၂၀၈ ယောက်၊ အကျဉ်းသူ ၁၃၁ ယောက်၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၃၄၄ ယောက်သာ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီထုတ်ပြန်တဲ့ အရေအတွက်ထက် များစွာ လျော့နည်းနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆိုပါတယ်။
ဒါဟာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်တွေလည်း ပါဝင်လာခြင်း မရှိပါဘူး။