ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းလုပ်သား ၄ ယောက်ကို ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ မြန်မာနိုင်ငံဘက်က ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ထားပေမဲ့ ပြန်လွတ်မလားတဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတဲ့အကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး နိုင်းဖုမ်းထမ်း ဝေ့ချယချိုင်းက ပြောလိုက်ပါတယ်။
ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်းငါးဖမ်းလှေတစီး၊ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးထားရာမှာ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံသား ၄ ယောက်မှာ အသက် ၆၀ နဲ့ ၇၀ ကြား လူကြီးပိုင်းတွေဖြစ်ပြီး စက်လှေပိုင်ရှင်မှာ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ကျပ် ၂ သိန်း၊ စက်ပြင်ဆရာ အပါအဝင် ထိုင်း ၃ ယောက်မှာ ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ် ၄ သောင်း၊ မြန်မာရေလုပ်သား ၂၇ ယောက်ကတော့ ထောင်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခံထားရတာပါ။
လတ်တလောမှာတော့ ထိုင်းနိုင်ငံသား ၄ ယောက်ကို ပြန်လွှတ်ပေးရေး ဆောင်ရွက်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ အနီးကပ် စောင့်ကြည့်နေကြောင်း မစ္စတာ ဖုမ်းထမ်းက ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ဒါ့အပြင် အဆိုပါ ထိုင်းအကျဉ်းသား ၄ ယောက်ကို ကော့သောင်းမှာ သူတို့ရဲ့ ဆွေမျိုးတွေက တွေ့ဆုံခဲ့ပြီး သူတို့အားလုံး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်ကြတယ်လို့လည်း ပြောပါတယ်။
သိပ်မကြာခင်တုန်းကတော့ သူတို့ကို မြန်မာအာဏာပိုင်တွေဘက်က မကြာမီ လွှတ်ပေးနိုင်တယ်လို့ ဝန်ကြီးက အတည်ပြုခဲ့ပေမဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာတွေကြောင့် ရက်အတိအကျ မသတ်မှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က မြန်မာအာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာတော့ တခြား ထိုင်းအကျဉ်းသား ၁၅၁ ယောက် ပါဝင်ခဲ့ပေမဲ့ လတ်တလော ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ကတော့ ပါမလာသေးပါဘူး။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိကွန်ဒက်ဂျ် ဘာလန်ကူရာက မြန်မာနိုင်ငံက ထိုင်းငါးဖမ်းလုပ်သား ၄ ယောက်ကို ကာလကြာရှည် ဖမ်းဆီးထားမှုအပေါ် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပူးပေါင်းဆောင်ရွက်ပြီး ထိုင်းငါးဖမ်းလုပ်သားတွေ အမြန်ပြန်လွှတ်ပေးနိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်းလည်း သူက ပြောလိုက်ပြီး ပြန်လွှတ်ပေးဖို့ကတော့ မြန်မာနိုင်ငံတွင်း လုပ်ငန်းစဉ်တွေအပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မစ္စတာ နိကွန်ဒက်ဂျ်က ဒီကိစ္စမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေနဲ့ပါ အလုံးစုံ ပါဝင်ပတ်သက်နေတာကြောင့် ထိုင်းငါးဖမ်းလုပ်သားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စက အကဲဆတ်သလို အဆိုပါကိစ္စအတွက် စိတ်ရှည်သည်းခံမှုနဲ့ ဂရုတစိုက် ညှိနှိုင်းမှုတွေ မရှိမဖြစ် လိုအပ်တယ်လို့လည်း ပြောလိုက်ပါတယ်။
Source: BangkokPost